ရန်ကုန် ၁၀ ဧပြီ
၂၀၁၉ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်မြို့နေ ပြည်သူများနှင့် ရန်ကုန်တိုင်းဒေသကြီးပြင်ပ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်လိုသည့် ခရီးသွားများ အဆင်ပြေစေရေးအတွက် YBS ယာဉ်လိုင်းများ၊ အဝေးပြေးယာဉ်လိုင်းများနှင့် မြန်မာ့မီးရထားမှ ရန်ကုန်မြို့ပတ်ရထားနှင့် အထူးရထားပြေးဆွဲမည့် အစီအစဉ်များကို ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော် ပို့ဆောင်ရေးလုပ်ငန်းကော်မတီက ပြည်သူများသိရှိနိုင်ရန် အသိပေးကြေညာသည်။
အဆိုပါကြေညာချက်တွင် ရန်ကုန်မြို့တော်နေပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့စီမံမှုဖြင့် ရန်ကုန်မြို့တွင်း ပြေးဆွဲသည့် YBS ခရီးသည်တင်ယာဉ်လိုင်း (၇၃)လိုင်း၊ ယာဉ်စီးရေ (၉၇၃)စီး၊ ပုံမှန်ပြေးဆွဲ လမ်းကြောင်းအတိုင်း သတ်မှတ်ယာဉ်စီးခနှုန်းထားဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း။
ရန်ကုန်တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များသို့ အောင်မင်္ဂလာ အဝေးပြေးနှင့် ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်ဝင်းများမှ ပြေးဆွဲလျက်ရှိသည့် အဝေးပြေးခရီးသည်တင် မော်တော်ယာဉ်လိုင်းများသည် ၈-၄-၂၀၁၉ ရက်အထိ ပုံမှန်ပြေးဆွဲပြီး ၉-၄-၂၀၁၉ ရက်မှ ၁၆-၄-၂၀၁၉ ရက်အထိ အလှည့်ကျရပ်နားခြင်း၊ ပြေးဆွဲခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း၊ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားဝင်းမှ ရန်ကုန်တိုင်းဒေသကြီး အခြေပြုယာဉ်လိုင်း (၈)လိုင်း၊ အခြားတိုင်းဒေသကြီး၊ ပြည်နယ်အခြေပြုလိုင်း (၆)လိုင်း၊ ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားဝင်းမှ ရန်ကုန်တိုင်းဒေသကြီး အခြေပြုယာဉ်လိုင်း (၁)လိုင်း၊ အခြားတိုင်းဒေသကြီး၊ ပြည်နယ်အခြေပြု ယာဉ်လိုင်း (၄) လိုင်း တို့သည် ပိတ်ရက်မရှိ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း။
ရန်ကုန်တိုင်းဒေသကြီးမှ ဧရာတီတိုင်းဒေသကြီးသို့ သွားလာကြမည့် ခရီးသွားပြည်သူများ အထောက်အကူပြုရန်အတွက် ရန်ကုန် - ပုသိမ်ခရီးစဉ်၊ ရန်ကုန် - ဝါးခယ်မ၊ မော်ကျွန်းခရီးစဉ်၊ ရန်ကုန် - မြောင်းမြ ခရီးစဉ်၊ ရန်ကုန် - ဖျာပုံ - ဘိုကလေး ခရီးစဉ်၊ ရန်ကုန် - ဓနုဖြူ ခရီးစဉ်များသို့ YBS ယာဉ်လိုင်းများမှ ခရီးသည်တင်ယာဉ်များဖြင့် ၁၁-၄-၂၀၁၉ ရက်နှင့် ၁၂-၄-၂၀၁၉ ရက်များတွင် အင်အားဖြည့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက်လည်း ရန်ကုန်-မန္တလေး အစုန်/အဆန် သင်္ကြန်အထူးရထားများကို ဧပြီ ၈ ရက်မှ ၁၃ ရက်အထိနှင့် သင်္ကြန်အပြီး ဧပြီ ၁၇ ရက်မှ ၁၉ ရက်အထိ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအထူးရထားများကို ၁၂-၄-၂၀၁၉ ရက်တွင် နေပြည်တော်-ရန်ကုန် ခရီးစဉ်နှင့် ၁၇-၄-၂၀၁၉ ရက်တွင် ရန်ကုန်-နေပြည်တော် ခရီးစဉ်တို့အတွက် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း၊ သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းတွင် ရထားတွဲဆိုင်း (၈)ဆိုင်းဖြင့် ရထားစီးရေ (၉၀) အား နေ့စဉ်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့တွင်း ပြေးဆွဲသော YBS ခရီးသည်တင်ယာဉ်လိုင်းများနှင့် မြန်မာမီးရထားမှ ခရီးစဉ်များကို ၁၇-၄-၂၀၁၉ ၇က် (နှစ်ဆန်းတစ်ရက်နေ့)တွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အခြေပြု၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အခြေပြု အဝေးပြေးယာဉ်လိုင်းများသည် ၁၇-၄-၂၀၁၉ ရက်(နှစ်ဆန်းတစ်ရက်)မှစ၍ ပြန်လည်ပြေးဆွဲပြီး ၂၀-၄-၂၀၁၉ ရက်မှစ၍ ယာဉ်လိုင်းအားလုံး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရှိရသည်။
MDN


