မန္တလေး ၁၀ ဧပြီ

 

သင်္ကြန်ပွဲတော်မတိုင်မီ နေရပ်ပြန်သူ များပြားသဖြင့် ခရီးသွားသူ ပုံမှန်ထက် ပိုမိုများပြားခြင်းကြောင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး စစ်ဆေးမှုများကို  ပူးပေါင်းအဖွဲ့များဖြင့် အင်အားတိုးချဲ့ ဆောင်ရွက်နေကြောင်း သိရသည်။

 

ယာဉ်အန္တရာယ် ကင်းရှင်းရေး စစ်ဆေးမှုများကို  ပူးပေါင်းအဖွဲ့များဖြင့် မန္တလေးမြို့ ချမ်းမြရွှေပြည်ယာဉ် ရပ်နားစခန်းတွင် ဧပြီ ၇ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့သည်။

 

"ခရီးသည်တွေ အန္တရာယ်ကင်းရှင်းရေးနဲ့ ယာဉ်မတော်တဆဖြစ်မှု တွေမရှိအောင် ယာဉ်ကြံ့ခိုင်မှု ထိုင်ခုံခါးပတ်ပတ်ဖို့ ခါးပတ်တွေကောင်းသလား စတဲ့ အချက်ပေါင်း ၁၅ ခု စစ်ဆေးတယ်။ ပုံမှန်စစ်ဆေးမှုက တစ်ပတ်ကို ၆ ကြိမ်စစ်တယ်။ ခုအချိန်က ခရီးသွားတွေပိုများလို့ အင်အားတိုးပြီး စစ်ဆေးပါတယ်" ဟု ဦးမောင်မောင်အေးထွန်းကပြောသည်။

 

ပူးပေါင်း စစ်ဆေးရေး အဖွဲ့တွင် မန္တလေးတိုင်းဒေသကြီး လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညွှန်ကြားမှု ဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ(ယကက) ၊ စည်းကမ်းထိန်းသိမ်းရးအဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပါဝင်ကြောင်း သိရသည်။

 

ခရီးသည်တင်ယာဉ်များ သတ်မှတ်စည်းကမ်းချက်များ လိုက်နာရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။  စည်းကမ်း လိုက်နာမှု မရှိပါက ဥပဒေများနှင့်အညီ အရေးယူ မည်ဖြစ်ကြောင်း၊ သင်္ကြန်မတိုင်မီ ကာလတွင် ခရီးသွားယာဉ်စီးခ နှုန်းထားများ ပုံမှန်ဈေးအတိုင်း ရောင်းချမှု ရှိမရှိနှင့် ကားလက်မှတ် ဝယ်ယူရန် ခက်ခဲမှုမရှိအောင် ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ (အဝေးပြေး)မှ လက်မှတ်များရောင်းချပေးနေကြောင်း သိရသည်။

 

အိမို့မို့ခိုင်