မန္တလေး ၉ ဧပြီ
သင်္ကြန်ကာလအတွင်း မန္တလေးမြို့ကျုံးပတ်လည်တွင် တစ်လမ်းမောင်းများ သတ်မှတ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။
တစ်လမ်းမောင်း သတ်မှတ်မည့် လမ်းများမှာ လမ်း ၈၀ (ကျုံးအနောက်ဘက်) အား ၂၆ လမ်းမှ ၁၂ လမ်းအထိ တောင်မှမြောက်သို့ တစ်လမ်းမောင်း၊ ၂၇ လမ်းအား ၆၆ လမ်းမှ ၇၈ လမ်းအထိ အရှေ့မှ အနောက်သို့ တစ်လမ်းမောင်း သတ်မှတ်ထားသည်။
၂၆ လမ်းအား ၇၈ လမ်းမှ လမ်း ၈၀ အထိ နှစ်လမ်းမောင်း၊ ၁၂ လမ်းအား ၆၆ လမ်းမှ လမ်း ၈၀ အထိ နှစ်လမ်းမောင်း သတ်မှတ်ထားသည်။
ထို့အပြင် ၂၀၁၈ ခုနှစ် သင်္ကြန်ကာလတွင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့တွင် ယာဉ်မတော်တဆမှု အများဆုံး ဖြစ်ပွားခဲ့သည့်အတွက် ယာဉ်မောင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များလည်း ထုတ်ပြန်ထားသည်။
ယာဉ်မောင်းသူများသည် မူးယစ်သောက်စားပြီး မောင်းနှင်ခြင်း၊ စည်းကမ်းမဲ့ မောင်းနှင်ခြင်း၊ လုမောင်းခြင်း၊ အရှိန်ပြင်းမောင်းခြင်း၊ ယာဉ်နံပါတ်ပြား မပါပဲမောင်းနှင်ခြင်း၊ ယာဉ်ဘေးတံခါးများဖြုတ် ပြီး မောင်းနှင်ခြင်း၊ ယာဉ်ကြောပြောင်းပြန် မောင်းနှင်ခြင်း၊ အနှေးယာဉ်များ အသုံးပြုပြီး ရေကစားခြင်း၊ မော်တော်ဆိုင်ကယ်များ အိတ်ဇောဖြုတ်ပြီး မောင်းနှင်ခြင်း၊ သံစုံဟွန်းများ တပ်ဆင်မောင်းနှင်ခြင်း၊ မော်တော်ယာဉ်များတွင် ညစ်ညမ်းစာသားများ ဆိုင်းဘုတ်နှင့် ပန်းချီများရေးဆွဲပြီး မောင်းနှင်ခြင်းများ မပြုလုပ်ရန် ထုတ်ပြန်ထားသည်။
အိမို့မို့ခိုင်


