ပါမောက္ခ ဦးပါဒေါက်
သင်ရိုးဟောင်းမှ သင်ရိုးသစ်သို့ ပြောင်းလဲနေသော ပညာရေးကြိုးပမ်းမှုသည် ငါးနှစ်တာကာလသို့ ချင်းနင်း ဝင်ရောက်ခဲ့ပါသည်။
ထွက်ပေါ်လာမည့် မျိုးဆက်သစ်လူငယ်များအတွက် စစ်မှန်သော၊ အာမခံသော၊ အကျိုးတူသော ရလဒ်များပိုမိုရရှိရန် သင်ရိုးဟောင်းကို ပြုပြင်ဖြည့်စွက်ဆောင်ရွက်ခဲ့ကြပါသည်။ ပညာရေးဌာန သင်ရိုးကော်မတီသာမက ကျောင်းသားမိဘများ၊ သင်ကြားသူဆရာအားလုံး (ဝန်ထမ်းဆရာ၊ ကျူရှင်ဆရာ) စိတ်ဝင်စားကြ၏။ ကျောင်းသားများ၏ နောင်ရေးနှင့် တိုင်းပြည်၏နောင်ရေး၊ အရေးပါသော ကဏ္ဍဖြစ်၍ အားလုံးဝန်းဝိုင်းကြသည်ကို သင်ရိုးသစ် ရေးဆွဲသူဆရာတစ်ဦးအနေဖြင့် အထူးကျေးဇူး တင်ပါသည်။
သင်ရိုးသစ်ရေးဆွဲရာတွင် သင်ရိုး (curriculum)၊ သင်ရိုးညွှန်းတမ်း (syllabus) နှင့် သင်ရိုးမာတိကာ (content) အဆင့် သုံးဆင့်ကို သိရှိထားရန် လိုအပ်ပါသည်။ ယခင်ကလည်း ဤသို့ပင် သင်ရိုးရှိခဲ့ပါသည်။ မည်သည့်နိုင်ငံမဆို သင်ရိုးဟူသည် ဖြစ်ရပ်၊ အချိန်ကာလနှင့်လိုက်၍ ပြောင်းလဲနေပါသည်။
ဤတွင် “သင်ရိုး (curriculum)” ဆိုတာ ဘာလဲ ဟူ၍ လေ့လာသူအားလုံး သိရှိရန်လိုပါသည်။ ပညာရှင် တစ်ဦးချင်း ဖွင့်ဆိုမှုသည် တူညီကောင်းမှ တူညီပေမည်။ စာရေးသူလေ့လာခဲ့သော သင်ရိုး ဖော်ပြချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
“သင်ကြားသူ စာသင်သားအား မည်သို့ပေါ်ထွက် လာစေလိုသနည်း” ဆိုသည်မှာ သင်ရိုးဖြစ်ပါသည်။
“ မည်သို့ သင်ကြားလေ့ကျင့်ရန် လိုအပ်ပါသနည်း"ဆိုသည်မှာ သင်ရိုးညွှန်းတမ်း ဖြစ်ပါသည်။
“ဤအကြောင်းအရာ၊ ဤသင်ခန်းစာကို သင်ကြားမည်” ဆိုသည်မှာ သင်ရိုးမာတိကာ ဖြစ်ပါသည်။
ဥပမာအားဖြင့် မူလတန်းပြီးလျှင်
- စာသင်သား (ကျောင်းသား လူငယ်)သည် မည်သို့ ပြည့်စုံပြီးမြောက်စေလိုပါသနည်း။ အရပ်အမောင်းအားဖြင့် လေးပေ၊ အလေးချိန်အားဖြင့် ပေါင်ခြောက်ဆယ် (ပိဿာ နှစ်ဆယ်) မျှ ရှိရန်လိုသည်။ နိုင်ငံသုံးဘာသာစကားကို အခြေခံနားလည်၊ ရေးမှတ်၊ ဖတ်၊ ပြောတတ်ပြီး ဖြစ်မည်။
- သင်္ချာဘာသာကို ပေါင်းနုတ်မြှောက်စား (တစ်သိန်းဂဏန်းအထိ) တွက်ချက်တတ်ပြီးဖြစ်မည်။
- သိပ္ပံဘာသာရပ်၊ ဝိဇ္ဇာဘာသာရပ်ကို စတင်ဆည်းပူးပြီ ဖြစ်၏။
- နိုင်ငံခြားဘာသာစကားတစ်ခုကိုစတင်လေ့လာ နေပြီဖြစ်၏။
ထိုနည်းတူစွာ အလယ်တန်း (Grade 6, 7, 8, 9) ပြီးလျှင် -
- အရပ်အမောင်း (ကျား) ငါးပေနီးပါး၊ အလေးချိန် ပေါင်ကိုးဆယ်၊ မီတာတစ်ရာကို တစ်ဆယ့်လေးစက္ကန့်၊ (မ) ဆယ့်ရှစ်စက္ကန့်ဖြင့် ပြေးနိုင်သော သန်စွမ်းသူများ ဖြစ်ရန်လိုသည်။
- မိခင်ဘာသာစကားကို (ဖြစ်ရပ်၊ ခံစားမှုကဗျာ၊ မျှော်မှန်းချက်) စီကုံးရေးသားနိုင်ပြီ။
- သင်္ချာဘာသာကို ကိန်းဂဏန်းအနန္တအထိတွက်ချက်နိုင်ပြီး တိုးပွားခြင်း၊ ယုတ်လျော့ခြင်း ကို စာရင်းအင်းဗေဒ၊ ဂရပ်(အင်းကွက်) ဖြင့် ဖော်ပြခြင်း၊ ဂျီသြမေထရီ (Geometry) ကို နားလည်ပြီးဖြစ်မည်။ ။ စာသင်သားသည် မိမိနိုင်ငံ၏ ပထဝီဝင်၊ သမိုင်း လုပ်ငန်းကိုင်ငန်းကို ထဲထဲဝင်ဝင် လေ့လာခဲ့ပြီးပြီး
- နိုင်ငံခြားဘာသာစကားတစ်ခုကို အဆင့်တစ်ခုအထိ နားလည်၊ ပြော၊ ရေး၊ ဖတ်နိုင်စွမ်းရှိပြီ။ ပြည်ပနိုင်ငံသား ကျောင်းသားတစ်ဦးနှင့် ဆက်သွယ်နိုင်ပြီ။ မိမိရှေ့ရေးတွင် ကိုယ်တွင်ကျယ် ထွန်းကားမည့် အသက်မွေးဝမ်းကျောင်းကို စတင်ပြင်ဆင်ပြီးဖြစ်သည်။
အထက်တန်း (Grade 10, 11, 12) ပြီးလျှင်ကား-
- ကြိုက်နှစ်သက်ရာ ဘာသာတွဲ (သိပ္ပံ၊ ဝိဇ္ဇာနှင့် ဝိပ္ပံ) တို့ကို ရွေးချယ်၍ တက္ကသိုလ်ဝင်တန်းကို ပြင်ဆင်နိုင် ၏။
- သင်ကြားလိုသော(တက္ကသိုလ်၊ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်) တို့အတွက် လိုအပ်သော ဘာသာတွဲနှင့် ပြင်ဆင်ရပြီ။ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာတွဲမှာ မယူမနေရသော ဘာသာတွဲဖြစ်၏။ အလယ်တန်းတွင် သင်ကြားခဲ့သော သိပ္ပံဘာသာရပ်မှ ဓာတု၊ ရူပ၊ ဇီဝ၊ ဘူမိ စသောဘာသာရပ်များ၊ ဝိဇ္ဇာဘာသာရပ်မှ သမိုင်း၊ ပထဝီစသော အထူးပြုဘာသာရပ်များအဖြစ် သင်ကြား တတ်မြောက်ပြီး ဖြစ်၏။
သင်ရိုးညွှန်းတမ်း (Syllabus)
စာရေးသူသည် သိပ္ပံဘာသာရပ် သင်ရိုးကျွမ်းကျင်အဖြစ် ဆောင်ရွက်ရပါသည်။ သိပ္ပံဘာသာရပ် သင်ရိုး ညွှန်းတမ်းကော်မတီကို ပါမောက္ခက ဦးဆောင်ပြီး မူလတန်းနှင့် အလယ်တန်း သင်ရိုးညွှန်းတမ်းနှင့် ပြဋ္ဌာန်းစာအုပ်ကို ပြုစုကြရပါသည်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ဆရာများ အားလုံး လေးဆယ်မျှ ပါဝင်သော အဖွဲ့ဖြစ်ပြီး အသေးစိတ် ညှိနှိုင်းရေးဆွဲရပါသည်။ မူလတန်း သင်ရိုးရေးဆွဲခြင်းနှင့် မူလတန်း သိပ္ပံပြဋ္ဌာန်းစာအုပ်ပြုစုခြင်းသည် အလယ်တန်းနှင့် အထက်တန်း တို့ထက် ခက်ခဲနေကြောင်း တွေ့ရ၏။ စာသင်သားသည် “ဆယ်နှစ်သက်တမ်းပင် မရှိသေးသော ကလေးငယ်များ ဖြစ်၍ “ကလေးစိတ်ပညာ (Child Psychology)”နှင့် ညှိနှိုင်း ရပါသည်။ ။
ကလေးဆိုသည်မှာ အမြဲတစ်စုံတစ်ခုကို လေ့လာနေကြောင်း သတိထားရမည်ဖြစ်ပြီး သူနှစ်သက်ရာနှင့် သင်ကြားမှုကို ဆရာ၊ မိဘက ပူးတွဲပံ့ပိုးနေရမည်ဖြစ်ကြောင်း အမြဲသတိပြုရ၏။ ငယ်ရွယ်သော ကလေးသည် မည်သို့သော ထူးချွန်မှုနှင့် စွမ်းရည်သတ္တိ ပိုင်ဆိုင်သည်ကို မသိနိုင်သေးသောကြောင့် မူလတန်းဆိုင်ရာ စစ်ဆေးအကဲဖြတ်ခြင်းနှင့် အတန်းတင်ခြင်းကို ပြောင်းလဲရ၏။ သင်ရိုးပြဋ္ဌာန်းစာအုပ် အပြင် ဆရာကိုင်စာအုပ်ကို ဖြည့်စွက်ရေးသားပြီး မူလတန်း သင်ကြားခြင်း၏ လိုအပ်ချက်များဖြစ်သော “ကလေးကိုကြိမ်းမောင်းပြစ်တင်ခြင်းမပြုရ”၊ “ကလေးကို ပြောဆို ဖော်ပြတတ်လာစေရန် အားပေးပါ” “ကလေးကို ချီးကျူးပြောဆိုမှုအမြဲပြုလုပ်ပေးပါ” စသည့် အချက်များကို ထည့်သွင်းရခြင်း။
သင်ရိုးညွှန်းတမ်းတွင် ရည်ညွှန်းဘောင် (Scope) နှင့် စီစဉ်ကျနမှု (Sequence) ကို ဦးစွာ ပြုလုပ်ကြရပါသည်။ မူလတန်းမှ ပဉ္စမတန်းအထိ သင်ရိုးကို အကြိမ်ကြိမ် ပြန်လည် ပြင်ဆင်ရေးဆွဲရပါသည်။ ။
မူလတန်းသင်ရိုးတွင် ကလေးသည် မိမိ၏ ပတ်ဝန်းကျင်ကို လေ့လာရာ၌ မိဘ(သို့) အနီးအနား၊ အရောင်စသော အာရုံငါးပါးကို အရင်ဆုံးစတင်လေ့လာခြင်းနှင့် မိမိကိုယ်ကို လေ့လာခြင်း (ဆာလောင်ခြင်း၊ ခံစားပျော်ရွှင်လှုပ်ရှားခြင်း) မည်သည်က စတင်သနည်း ဆိုသည်ကို စူးစိုက်ဆွေးနွေးခဲ့ရ၏။ ထို့အတူ မူလတန်းသင်ခန်းစာများသည် ကျောင်းချိန်အတွင်း ပြီးစီးရမည် ဟူသော အယူအဆနှင့် ကျောင်းချိန်ပြင်ပတွင်လည်း ဆောင်ရွက်နိုင်သည်ဟူသော အယူအဆတို့သည်လည်း အားပြိုင်နေခဲ့ကြ၏။ မည်သည်ကမျှ တရားသေမဟုတ်ကြောင်း သင်ရိုးညွှန်းတမ်းကော်မတီ ပညာရှင်များက သဘောပေါက်လာကြပါသည်။
သင်ရိုးမာတိကာ (Contents)
မူလတန်းတွင် ကလေးသူငယ်များအား သူတို့၏ ပတ်ဝန်းကျင်ကို နားလည်သိရှိစေရန်၊ ဆက်သွယ်ဖော်ပြ တတ်ရန် သင်ခန်းစာများကို စတင်ရပါသည်။ ထို့နောက် ရုက္ခနှင့် ဇီဝ (သစ်ပင်နှင့် သတ္တဝါ) များကို လေ့လာစေရပါသည်။ အာရုံငါးပါးနှင့် ခံစားမှုများကို အလင်းရောင်၊ အသံတို့ဖြင့် ဦးစွာမိတ်ဆက်ပေးရ၏။ (အနံ့၊ အရသာ၊ မာကျောမှုစသည်တို့ကို သင်ခွင့်မရရှိသေးပေ။) သိပ္ပံ ကဏ္ဍမှ ရရှိချိန်အတိုင်း သင်ကြားနေသကဲ့သို့ သင်္ချာမှ ပေါင်းနုတ်မြှောက်စားခြင်း၊ မြန်မာစာမှ စာကြောင်းရေးဖွဲ့ခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ လူမှုရေးဘာသာရပ်မှစည်းကမ်း၊ ကူညီခြင်း၊ ရုပ်ပုံရေးဆွဲခြင်းတို့ကို ပို့ချရပါသည်။ မည်သည့် အတိုင်းအဆအထိ ပို့ချရမည်ကို အမျိုးသားသင်ရိုး ကော်မတီ (National Curriculum Committee) စောင့်ကြည့်ပေးရပါသည်။
ဤတွင် သင်ရိုးမာတိကာအတိုင်း သင်ကြား ပေးသော သင်ခန်းစာများကို မူလတန်းကျောင်းသားများ က စိတ်ဝင်စား၊ လေ့ကျင့်ကြပါ၏လော ဆိုသည်မှာ သင်ကြားခြင်း၏ အဓိကကဏ္ဍ ဖြစ်သည်။ ရေးသား ထားသော သင်ခန်းစာများကို အစမ်းသင်ကြားခြင်း (Trial teaching) ပြုလုပ်ပြီး ထပ်မံပြင်ဆင်ပြီးမှသာ ပြဋ္ဌာန်းစာအုပ်ပေါ်၌ ပုံနှိပ်၍ ကျောင်းသားများ လေ့လာကြရပါကြောင်း တင်ပြလိုက်ရပါသည်။ ။


