ရန်ကုန် ၁၃ ဖေဖော်ဝါရီ
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ညောင်သုံးပင်ကျေးရွာအုပ်စု ချမ်းမြေ့လမ်းတွင် ဖေဖေါ်ဝါရီ ၁၂ ရက် နံနက် ဝ၀ နာရီ ၂၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦးမှ အနီးကပ်ကြီးကြပ်၍ သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းအောင် ဦးဆောင်ကာ ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ သန်လျင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သာကေတမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ဒဂုံဆိပ်ကမ်းမြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် ၁ စီး၊ ကျောက်တန်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် ၉ စီး၊ ရေသယ်ယာဉ် ၃ စီး၊ ကွပ်ကဲမှုယာဉ် ၁ စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၆၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦး၊ သန်လျင်မြို့မရဲစခန်းမှ ဒုရဲမှူး စိုးဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ဝ၀ နာရီ ၅၂ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ဝ၀ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် နေအိမ် (၁၁) လုံးနှင့် နေအိမ်အတွင်းရှိပစ္စည်းများ မီးလောင်ကျွမ်းခဲ့ပြီး လူနှင့် တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
မီးစတင်လောင်ကျွမ်းမှုအား သက်ဆိုင်ရာဌာနများက စုံစမ်းစစ်ဆေးလျက်ရှိကာ သန်လျင်မြို့မရဲစခန်းမှ မီးလောင်မှုအား ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)


