နေပြည်တော် ဩဂုတ် ၂၅

 

သံမဏိမူဝါဒ မူကြမ်းပြုစုရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

 

ကြိုးပမ်းဆောင်ရွက်

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင် ကြီးဖြစ်စဉ်ကို သင်ခန်းစာယူ၍ အဆောက်အအုံများ ဆောက်လုပ်ရာတွင် သတ်မှတ်ခံနိုင်မှုစံနှုန်းများနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ စနစ်တကျစစ်ဆေး ရန်အတွက် မူဝါဒသတ်မှတ်အတည်ပြုထုတ်ပြန်နိုင်ရန် အရေးအကြီးဆုံးဖြစ်ကြောင်း၊ စက်မှုဝန်ကြီး ဌာနအနေဖြင့် အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)နှင့် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)တို့၌ စက်တပ်ဆင်ရေးလုပ်ငန်းများ အပြီးသတ်၍ စွမ်းအားပြည့် လည်ပတ်နိုင်ရေး ဘဏ္ဍာရေးနှစ်အလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

 

မြန်မာနိုင်ငံ၏ သံမဏိထုတ်လုပ်မှုတွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍများမှ ဆောင်ရွက်လျက်ရှိ၍ သံမဏိထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများကို မှန်ကန်သောမူဝါဒ အထောက်အပံ့များဖြင့် ချဉ်းကပ်ရန် လိုအပ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်း များအနက် အဓိကအရေးကြီးသည့် သံ၊ သံမဏိ ထုတ်ကုန်များအား ထုတ်လုပ်မှု၊ တင်သွင်းမှုများတွင် လိုက်နာကျင့်သုံးရမည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းရန် လိုအပ်လျက်ရှိသဖြင့် စက်မှုဝန်ကြီးဌာန မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်းနှင့် မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ သံမဏိဆိုင်ရာမူဝါဒကို ရေးဆွဲခဲ့ကြောင်း၊ ယခုပြုလုပ်သည့် အစည်းအဝေးတွင် သံမဏိဆိုင်ရာမူဝါဒကို မည်ကဲ့သို့ လက်ခံကျင့်သုံးမည်၊ မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်ပေးနိုင်မည်တို့ကို ဆွေးနွေးပေးကြရန်နှင့် အများပြည်သူ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်၊ ပါဝင်သင့် ပါဝင်ထိုက်၊ လုပ်ဆောင်သင့်သည့်အချက်များ မကျန်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးနိုင်ပါရန် တိုက်တွန်း ပြောကြားသည်။

 

ထို့နောက် အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ပြုစုရေးဆွဲထားသည့် သံမဏိဆိုင်ရာမူဝါဒနှင့်ပတ်သက်၍လည်းကောင်း၊ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူးက သံမဏိဆိုင်ရာ မူဝါဒရေးဆွဲ နိုင်ရေးအတွက် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှုကိုလည်း ကောင်း၊ မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌတို့က သံမဏိဆိုင်ရာ မူဝါဒပါအချက်များနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးတက်ရောက်လာကြသူများက သံမဏိဆိုင်ရာမူဝါဒ ခိုင်မာအားကောင်းစေရေးအတွက် ပါဝင်သင့်သည့်အချက်များ၊ အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဝိုင်းဝန်း အကြံပြုဆွေးနွေးကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်