မန္တလေး ၂၉ မေ 

 

အရာတော်မြို့နယ် သနပ်ခါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ သနပ်ခါးမြို့တော်အဖြစ် သတ်မှတ်ထားသည့် စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်တွင် ဇူလိုင်လအတွင်း၌ ပထဆုံးအကြိမ်အဖြစ် သနပ်ခါးပွဲရုံဖွင့်လှစ်ကာ သနပ်ခါးနှင့် သနပ်ခါးတန်ဖိုးမြင့် ထုတ်ကုန်များအား လက်လီလက်ကား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါပွဲရုံကို အရာတော်-မုံရွာ-ရွှေဘို ကားလမ်းဘေးရှိ အရာတော်မြို့အဝင် အမှတ် ၁ နယ်မြေ၊ ပိတောက်မြိုင်ရပ်ရှိ အရာတော်မြို့နယ် သနပ်ခါး အသင်းရုံးတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သနပ်ခါးချစ်သူများအနေဖြင့် အရည်အသွေး မှန်ကန်သည့် သနပ်ခါးများအား ဈေးနှုန်းချိုသာစွာဖြင့် လက်လီ၊ လက်ကား လာရောက်ဝယ်ယူနိုင်ရန် ဖွင့်လှစ်ရောင်းချပေးခြင်းဖြစ်ကြောင်း မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးကျော်မိုးက ပြောသည်။ 

 

“သနပ်ခါးမြို့တော်ဖြစ်တဲ့ အရာတော်မြို့မှာ ပထမဆုံးအကြိမ်အနေနဲ့ သနပ်ခါးပွဲရုံ ဖွင့်လှစ်ရောင်းချမှာ ဖြစ်ပါတယ်။ ဒီပွဲရုံမှာ သနပ်ခါးစိုက်ပျိုးသူတွေကိုယ်တိုင် လက်လီလက်ကား ဖြန့်ဖြူးရောင်းချပေးမှာ ဖြစ်ပါတယ်။ ဒီပွဲရုံက ဝယ်တဲ့ သနပ်ခါးတွေကို အရည်အသွေး မှန်ကန်ဖို့နဲ့ ဈေးနှုန်းမှန်ကန်ဖို့အတွက် အာမခံပါတယ်။ ဒါ့အပြင် တစ်ဆင့် ပြန်လည်ရောင်းချသူတွေအတွက်လည်း အရည်အသွေးပြည့်ဝတဲ့ သနပ်ခါး အစစ်အမှန်တွေကို ဈေးနှုန်းချိုသာစွာနဲ့ လာရောက်ဝယ်ယူနိုင်သလို ဒီလမ်းခရီးမှာ သွားလာနေကြတဲ့ ခရီးသွားပြည်သူတွေလည်း အရာတော်မြို့ရဲ့ အဓိက လက်ဆောင်အနေနှင့် ကားပေါ်ကဆင်းပြီး ပွဲရုံမှာ အလွယ်တကူ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။


 
လက်ရှိ သနပ်ခါးဈေးကွက်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြီးခဲ့သည့် ၂ လကျော်ခန့်က အရောင်းအဝယ်များ ကျဆင်းခဲ့သော်လည်း ယခုရက်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေး ဖြေလျော့ပေးမှုကြောင့် ဈေးကွက်ပြန်လည် ဦးမော့လာသည့် အလားအလာများရှိနေသည်။ ယမန်နှစ်က သနပ်ခါးစိုက်ပျိုးသူအချို့မှာ ခြံများဖျက်၍ လျှော်ဖြူနှင့် ဒန့်သလွန်ပင်များစိုက်ပျိုးခဲ့ကြသည့်အတွက် အရည်အသွေး ပြည့်ဝသည့် သနပ်ခါး ထွက်ရှိမှုနည်းပါးသွားသဖြင့် ဈေးနှုန်း ပြန်လည်ကောင်းမွန်လာပြီး မန္တလေး၊ မုံရွာ၊ ပခုက္ကူနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ သနပ်ခါးကုန်သည်များ အရာတော်မြို့သို့ နေ့စဉ်လာရောက် ဝယ်ယူမှုများရှိနေကြာင်း သိရသည်။ 

 

အရာတော်မြို့နယ်တွင် သနပ်ခါးစိုက်ပျိုးဧက တစ်သိန်းကျော်ရှိပြီး သနပ်ခါးထုတ်လုပ်မှုအနေဖြင့် တနိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်း ထုတ်လုပ်ရောင်းချလျက်ရှိကြောင်းနှင့် အရာတော်သနပ်ခါးမှာ ကျောက်ကုန်းထွက်ဖြစ်ခြင်းကြောင့် သဘာဝအတိုင်း အပွေးညို၍ထူခြင်း၊ အနံ့မွှေးပြီး ဆေးဘက်ဝင်သည့်အတွက် လူကြိုက်အများဆုံး ဖြစ်ကြောင်း သိရသည်။ 

 

မင်းထက်အောင်(မန်းကိုယ်ပွား)