သတင်းဆောင်းပါး-ခင်ရတနာ၊ ဓာတ်ပုံ-MWEP
မြင့်မားတဲ့တောင်ပေါ်ဒေသက ကျေးရွာတွေမှာ သန့်ရှင်းတဲ့သောက်သုံးရေကို တစ်နှစ်ပတ်လုံး လုံလုံလောက်လောက် သုံးစွဲခွင့်ရနိုင်ဖို့ဆိုတာ အိပ်မက်တစ်ခုလို ဖြစ်ခဲ့ရတာပါ။ အခုတော့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အစပ်က ကျေးရွာလေးတွေမှာ မျှော်လင့်ချက်အိပ်မက်တွေ တကယ်ပွင့်ဖူးလာခဲ့ပါပြီ။ သန့်ရှင်းတဲ့သောက်သုံးရေ ရရှိမှုကြောင့် ကျေးရွာနေ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် များစွာ အထောက်အကူ ဖြစ်လာ စေတဲ့အပြင် လူနေမှုဘဝ အခြေအနေတွေဟာလည်း တိုးတက်လာခဲ့ပါပြီ။
နွေရာသီ ပူပြင်းခြောက်သွေ့ချိန်တွေမှာ လူဦးရေ ၁၅၈၀၊ အိမ်ခြေ ၂၉၄ အိမ်ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်က ဖာလိုင်ကျေးရွာဟာ ရေရရှိမှုအတွက် နှစ်စဉ်အခက်ကြုံခဲ့ကြရပါတယ်။ အခုချိန်မှာတော့ အလှူရှင်တွေရဲ့ စေတနာ၊ ပညာရှင်တွေရဲ့ ကြိုးပမ်းမှု၊ ဒေသခံတွေရဲ့ စည်းလုံးမှုကြောင့် ကျေးရွာလေးကနေ ပေ ၆၀၀၀ ကျော်ဝေးတဲ့ ရေထွက်တစ်ခုကနေ ရေရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဖာလိုင်ကျေးရွာသာမကပါဘူး။ အခြားသော ကျေးရွာခြောက်ရွာတို့မှာလည်း သန့်ရှင်း သောသောက်သုံးရေကို မကြာမီအချိန်အတွင်း ရရှိနိုင်ဖို့ကြိုးပမ်းနေကြတာကိုလည်း သိရပါတယ်။
"ကိုယ်တတ်သိထားတဲ့ အတွေ့အကြုံနဲ့ စိန်ခေါ်မှုများပြားလှတဲ့ လုပ်ငန်းအခြေအနေတွေ ပြဿနာတွေကို အောင်အောင်မြင်မြင် ဖြေရှင်းပေးခဲ့တဲ့အတွက် ဒေသခံတွေရဲ့ ကျေးဇူးတင်ရှိမှုက ပင်ပန်းခဲ့သမျှ ဝမ်းသာပီတိ ဖြစ်သွားခဲ့ရတယ်"လို့ အဆိုပါ ရေရရှိရေးအတွက် ပညာရှင် အဖြစ် ဆောင်ရွက်ပေးခဲ့သူ ရေအရင်းအမြစ်ပညာရှင် ဆရာဦးခင်မောင်ဝင်းက ဆိုပါတယ်။
လိုအပ်ချက်များဖြည့်ဆည်း
"စီမံကိန်းကတော့ Rotary Club of Central Yangon (RCCY)အဖွဲ့ကနေ ဦးဆောင်ပြီး တောင်ပေါ်ဒေသက သောက်သုံး ရေခက်ခဲတဲ့ အရပ်တွေမှာ ရေရရှိရေးအတွက် ဆောင်ရွက်ချက်တွေပဲဖြစ်ပါတယ်။ Rotary Club ဆိုတာက တစ်ကမ္ဘာလုံးရဲ့ မြို့တွေအတော်များများမှာ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေပါ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ စုပေါင်းပြီးတော့လည်း Rotary Club of Central Yangon(RCCY)အပြင် မြန်မာနိုင်ငံရဲ့ ဒေသ အချို့မှာလည်း Rotary Club များ ဖွဲ့စည်းထားရှိပါတယ်။ နိုင်ငံတကာ ထောက်ပံ့ငွေတွေကို ရရှိနိုင်ဖို့ ကြိုးပမ်းကြပြီး ကျေးလက်ဒေသတွေက လိုအပ်ချက်တွေကို ကျွန်တော်တို့ ဖြည့်ဆည်းပေးနေပါတယ်"လို့ ဦးခင်မောင်ဝင်းက ရှင်းပြပါတယ်။
ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှ ကျေးရွာခုနစ်ရွာမှာ သန့်ရှင်းတဲ့သောက်သုံးရေ ရရှိနိုင်ဖို့အတွက် ပညာရှင်တွေ၊ ဒေသခံတွေ အားလုံးစုစည်းပြီး ရေအရင်း အမြစ်တွေ ဘယ်ကရရှိနိုင်မလဲနဲ့ ကျေးရွာကို ဘယ်လိုသယ်ယူနိုင်ကြမလဲ ဆိုတာတွေကို လေ့လာဆန်းစစ် အဖြေရှာခဲ့ကြတာ ဖြစ်ပါတယ်။
"ကယားပြည်နယ်မှာ တစ်ရွာနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းအတွင်းမှာ ခြောက်ရွာ စုစုပေါင်း ခုနစ်ရွာလေ့လာပြီးတဲ့အခါ ရေရရှိနိုင်ဖို့ ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတဲ့အကြောင်း Rotary Club ကို ပြန်ပြီး ညှိနှိုင်းတာ၊ ကုန်ကျစရိတ်တွက်ချက် တာနဲ့ ဆောင်ရွက်မှုအပိုင်းတွေကို ရေးဆွဲပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အလှူရှင်တွေရဲ့ ပံ့ပိုးမှုကြောင့် ပထမဆုံးစီမံကိန်းအနေနဲ့ ဖာလိုင်ကျေးရွာမှာ ရေပေးဝေရေးစီမံကိန်းတစ်ခုကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒုတိယမြောက် ဆောင်ရွက်သွားမယ့် ကျေးရွာကတော့ ကယားပြည်နယ်အတွင်းက ဒေါတမကြီးကျေးရွာဖြစ်ပြီး သြဂုတ်လ အတွင်း ရေရရှိရေးအတွက် စတင်ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်"လို့ ဦးခင်မောင်ဝင်းက ရှင်းပြပါတယ်။
ရေရှည်တည်တံ့စေဖို့
အဲဒီကျေးရွာတွေဟာ တစ်ချိန်က ဝေးလံခေါင်သီတဲ့ ဒေသတွေ ဖြစ်ခဲ့ပြီး အခြေခံအဆောက်အအုံတွေလည်း ရရှိဖို့ ခက်ခဲခဲ့တာပါ။ လက်ရှိမှာလည်း ဖာလိုင်ကျေးရွာက လျှပ်စစ်မီးမရရှိသေးတဲ့ ကျေးရွာများထဲမှာ ပါဝင်ပါတယ်။ အိမ်ထောင်စုတစ်စုချင်းရဲ့ ဝင်ငွေဟာလည်း အတော်နည်းပါးပြီး တောင်ယာလုပ်ငန်းတွေနဲ့ အသက်မွေးကြတာကို တွေ့ရပါတယ်။
"ဒီလိုစနစ်တွေ တည်ဆောက်ဖို့ ရွာကအင်အားနဲ့ ဆောင်ရွက်ဖို့က သိပ်မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အလှူရှင်တွေ လိုအပ်တာပါ။ ဒီလိုလုပ်တဲ့အခါမှာလည်း Global Grant အနေနဲ့ ရရှိအောင်လျှောက်တဲ့အခါ လှူလိုက်တဲ့ အလှူငွေတွေက ဒီကျေးရွာရဲ့ ရေရရှိရေးကိစ္စမှာ ရေရှည် တည်တံ့ခိုင်မြဲပြီး ဒီစနစ်က ရွာအတွက် တကယ်အကျိုးရှိတဲ့အလှူဖြစ်ဖို့အတွက် စနစ်တကျ အကောင်အထည် ဖော်ဖို့ Rotary Club အနေနဲ့ရော၊ ကျွန်တော်တို့လို ဆန်းစစ် ဆောင်ရွက်သူတွေကပါ သတ်မှတ်ထားတဲ့ ညွှန်ကြားချက်တွေအတိုင်း ဆောင်ရွက်ရတာဖြစ်ပါတယ်"လို့ သူက ဆက်ပြောပါတယ်။
လှူဒါန်းမှုတွေ ရေရှည်တည်တံ့ဖို့နဲ့ ကျေးရွာအတွက်၊ ကျေးရွာဒေသခံတွေအတွက် ဘယ်လောက်အတိုင်းအတာအထိ အကျိုးရှိမလဲ ဆိုတာတွေကိုလည်း တိတိကျကျ လေ့လာဆန်းစစ်ခဲ့တာဖြစ်ပါတယ်။ ရေရရှိပြီးတဲ့ နောက်ပိုင်းမှာ ဒေသခံတွေ ရေကို ဘယ်လိုအကျိုးရှိအောင် သုံးကြမလဲဆိုတာကိုလည်း စနစ်တကျ သင်ကြားလေ့ကျင့်ပေးခဲ့တယ်လို့ သိရပါတယ်။
"ရေနဲ့ပတ်သက်တဲ့ အကျိုးကျေးဇူးတွေနဲ့ ရေကို ဘယ်လို အကျိုးရှိအောင် သုံးစွဲမလဲ၊ ဘယ်လိုသုံးစွဲခြင်းအား ဖြင့် ကျန်းမာရေးနဲ့ လူမှုဘဝတွေမှာ ဘယ်လိုအကျိုးကျေးဇူးတွေရရှိမလဲ ဆိုတာတွေကို သင်ကြားပေးခဲ့တာ ရှိပါတယ်။ အလှူရှင် နိုင်ငံတကာအဖွဲ့အစည်းက တကယ်အကျိုးဖြစ်ထွန်းတဲ့ အသီးအပွင့်တွေကို တွေ့လိုပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ကြီး ဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဦးစီးဌာနနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)တို့က ထုတ်ဝေတဲ့ ကျန်းမာရေးအတွက် ပတ်ဝန်းကျင် သန့်ရှင်းရေး ပညာပေးစာစောင်နဲ့ ယင်လုံအိမ်သာ ဆောက်လုပ်၊ သုံးစွဲ၊ ထိန်းသိမ်းရေး လမ်းညွှန်စာစောင်၊ USAID၊ UN- HABITAT နှင့် SHAE THOT(ရှေ့သို့)တို့က ထုတ်ဝေတဲ့ ကျေးရွာအဆင့် သောက်သုံးရေ လုံခြုံစိတ်ချရေးစီမံချက် (သင်တန်းလက်စွဲ)စာအုပ်အရ ရေတွင်းရေကန်တွေကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်မလဲ၊ ရေတွင်း၊ ရေကန်ပတ်ဝန်းကျင်ကို ဘယ်လို သန့်ရှင်းအောင် ထားရမလဲ၊ တစ်ကိုယ်ရေကျန်းမာရေးအတွက် ဘယ်လိုအသုံးပြုမလဲအပြင် စက်ပစ္စည်းတွေ၊ ပိုက်လိုင်းတွေကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်မလဲဆိုတဲ့ အပိုင်းကိုလည်း လေ့ကျင့်သင်ကြား ပေးခဲ့ပါတယ်။ ကျေးရွာ ရေရရှိရေးကို အဘက်ဘက်က စနစ်တကျနဲ့ ပြည့်စုံအောင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်" လို့ ဦးခင်မောင်ဝင်းက ဆက်ပြီး ရှင်းပြပါတယ်။
လက်ရှိအချိန်မှာ ဖာလိုင်ကျေးရွာရဲ့ သန့်ရှင်းသော သောက်သုံးရေရရှိရေး စီမံကိန်းဟာ ၉၅ ရာခိုင်နှုန်းလောက် ပြီးစီးခဲ့ပြီဖြစ်ပြီး ယခုလကုန်ပိုင်းမှာ ကျေးရွာကို အခမ်း အနားနဲ့ လွှဲပြောင်းပေးမယ်လို့ Rotary Club of Central Yangon(RCCY)မှ သိရပါတယ်။ အိမ်ခြေ ၂၉၄ အိမ်ရှိတဲ့ ဖာလိုင်ကျေးရွာလေးဟာ လျှပ်စစ်မီး မရရှိသေးပေမယ့် ရှမ်းပြည်နယ် ပင်လောင်းမြို့ကနေ ကျေးရွာချင်းဆက်တဲ့ ကတ္တရာလမ်း၊ ကျောက်ခင်းလမ်းတွေကို ဖြတ်ကျော်ပြီး သွားရောက်နိုင်သလို ကယားပြည်နယ် ဒီးမောဆိုမြို့နယ် ဘက်ကလည်း ဖြောင့်ဖြူးတဲ့ ကတ္တရာလမ်း ပေါက်နေပြီဆိုတာ မြင်တွေ့ရပါတယ်။
မြေအောက်ရေစီးကြောင်းတွေကို အားကိုးနေရ
"အရင်ကလည်း ရေနံကုမ္ပဏီတစ်ခုဖြစ်တဲ့ Petro-nas နဲ့ ကန်ဘောက်ဒေသဘက်မှာ နွေရာသီရေရှားတဲ့ ကိစ္စတွေအတွက် လေ့လာဆန်းစစ်မှုတွေ လုပ်ခဲ့ရဖူးတယ်။ အဲဒီတုန်းကတော့ လုပ်ငန်းရဲ့ CSR အနေနဲ့ လုပ်ဆောင်ကြ တာဖြစ်လို့ ကျေးရွာတွေ၊ ရေထွက်တဲ့နေရာတွေအထိ ရောက်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ ကျွန်တော်တို့ မြို့ပြဒေသတွေမှာ လူတွေအတွက် သန့်ရှင်းသော သောက်သုံးရေရရှိဖို့ နိုင်ငံတကာအထောက်အပံ့တွေရော၊ နိုင်ငံတော်အထောက်အပံ့တွေရော အများကြီး လုပ်ဆောင် ကြတာပါ။ ကျေးလက်တွေမှာဆိုရင်တော့ မြေပြန့်ဒေသနဲ့ တောင်ပေါ်ဒေသ ကွာခြားမှုတွေရှိပါတယ်။ မြေပြန့်ထက် တောင်ပေါ်ဒေသတွေရဲ့ ကျေးလက်တွေမှာ ရေရရှိမှုက အခက်အခဲတွေ အများကြီး ရှိနေပါတယ်" လို့လည်း ဦးခင်မောင်ဝင်းက သူ့အမြင်ကို ပြောပါတယ်။
တောင်ပေါ်ဒေသတွေမှာ အများအားဖြင့် မြေသားထက် ကျောက်သားနဲ့ ဖွဲ့စည်းထားတဲ့ မြေမျက်နှာ အသွင်အပြင်တွေ ရှိတတ်ပါတယ်။ မိုးရွာတဲ့အခါ အများအားဖြင့် မိုးရေတွေဟာ မြေပေါ်မကျန်ခဲ့ဘဲ မြေကြီးထဲကို စိမ့်ဝင်သွားပြီး အဆင်ပြေတဲ့နေရာအရောက်မှာ မြေအောက်ရေစီးကြောင်းအဖြစ် ပြန်လည်ထွက်ရှိလာပါတယ်။ အဲဒီ ရေထွက်တွေပေါ်မှာ အခြေပြုပြီး တောင်ပေါ်ကျေးရွာတွေဟာ သောက်သုံးရေကို ရရှိကြတာဖြစ်ပါတယ်။
"သဘာဝအရ တောင်ထိပ်ပိုင်းကိုတက်လာတဲ့ လေနဲ့အတူ ပါဝင်တဲ့ ရေငွေ့တွေဟာ တောင်ထိပ်မှာရှိတဲ့ သစ်ပင် တွေရဲ့ သစ်ရွက်တွေမှာ ရေငွေ့ဖွဲ့စည်းမှုကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးပူနွေးလာမှုတွေကြောင့် လေထုထဲမှာ ရေငွေ့နည်းပြီး စိုထိုင်းဆနည်းလာတာနဲ့ တောင်ပေါ်ပိုင်းတွေမှာ သစ်ပင်တွေမရှိတော့တဲ့အတွက် ငွေ့ရည်ဖွဲ့စည်းမှုနဲ့အတူ တောင်ထိပ်ပိုင်းတွေမှာရှိတဲ့ မြေအောက်ရေစီးကြောင်းတွေ လျော့နည်းလာပါတယ်။ ဥပမာပြောရရင် မနက်စောစော တောတောင်တွေပေါ် ရောက်တဲ့အခါ အေးတဲ့အရသာကို ခံစားရနိုင်ပါတယ်။ သစ်ပင်တွေရဲ့အောက်မှာ ရေစိုနေတာတွေ၊ သစ်ရွက် ပေါ်က ရေစက်ကလေးတွေက မြေကြီးပေါ်ကို ကျတာတွေ မြင်ဖူးကြမှာပါ၊ အခုအချိန်မှာတော့ သစ်တောတွေပြုန်းတီး လာလို့ ဒီလိုမြင်ကွင်းမျိုးတွေ နည်းပါးလာနေပါတယ်။ ဆိုလိုတာကတော့ သစ်ပင်တွေဟာ အနည်းအကျဉ်းသော ရေငွေ့တွေကို ရေအဖြစ်ကို ပြောင်းပေးနိုင်တဲ့ ပုံစံမျိုးကို တောင်ထိပ်မှာမတွေ့ရတော့ဘူး"လို့ ဦးခင်မောင်ဝင်းက ပြောပြပါတယ်။
တောင်ပေါ်မှာ သစ်ပင်တွေရှိမှ
တောင်ပေါ်ဒေသများမှာရှိတဲ့ ရေထွက်များဟာ စိတ်ဝင်စားဖွယ်ကောင်းပြီး အပင်များရှိနေခြင်းကပင် တောင်ပေါ်ရှိ ရေထွက်စမ်းများအတွက် များစွာအထောက်အကူ ဖြစ်စေသလို သစ်ပင်တွေက လေမှာကြွင်းကျန်လျက်ရှိတဲ့ ရေငွေ့များကို ရေစက်တွေအဖြစ် မြေပေါ်ကျဆင်းလာစေတယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ တောင်ပေါ် ဒေသ ကျေးလက်အများစုဟာ နွေအခါမှာ ရေထွက်စမ်း တွေ ခမ်းခြောက်ကုန်တဲ့အတွက် ရေရှားပါးမှု အခက်အခဲ တွေနဲ့ ကြုံတွေ့လာရတာဖြစ်ပါတယ်။ ဒါဟာ တောင်တွေ ပေါ်မှာ တောင်ယာတွေအတွက် သစ်ပင်တွေ အလွန်အကျွံ ခုတ်ယူတာ၊ သဘာဝသစ်တောတွေ ပြုန်းတီးရတာတွေ ကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။
"ဒါကြောင့်လည်း ကျွန်တော်တို့က ဖာလိုင်ကျေးရွာမှာ သစ်ပင် ၂၅၀၀ ကို ပြန်လည်စိုက်ပျိုးပေးဖို့ စီစဉ်လျက်ရှိပါတယ်။ ဒေသခံတွေကလည်း ကျွန်တော်တို့ ရှင်းပြတာတွေကို လက်ခံနားလည်တယ်။ ကျေးရွာက တာဝန်ရှိသူတွေကလည်း သစ်ပင်တွေစိုက်ကြဖို့ စည်းရုံးလှုံ့ဆော်ကြ ပါတယ်။ ဒေသခံတွေအနေနဲ့ သူတို့ရွာရဲ့ ရေရရှိရေးသည် တောင်ပေါ်တွေမှာ သစ်ပင်ရှိမှဖြစ်မယ်ဆိုတာကို သိရှိသွား ကြတာက သောက်သုံးရေအခက်အခဲအတွက် အဆင်ပြေ စေမယ့် ရေရှည်တည်တံ့တဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ" လို့ ဦးခင်မောင်ဝင်းက သုံးသပ်ပြပါတယ်။
ကမ္ဘာပေါ်က ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လူတစ်ယောက်ရဲ့ တစ်ရက် ရေသုံးစွဲမှု ပမာဏဟာ ဂါလန် ၅၀ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ မြို့ပြဒေသတွေမှာ နေထိုင်သူတွေကတော့ ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်မှုအရ လူတစ်ယောက် ဟာ တစ်ရက်မှာ ရေ ၂၅ ဂါလန်ကနေ ၃၀ အကြား သုံးစွဲကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် ကျေးလက်နေပြည်သူ တွေနဲ့တော့ အတော်လေး ကွာခြားမှုရှိနေပါတယ်။ အချို့သော တောင်ပေါ်ဒေသတွေရဲ့ နွေကာလတွေမှာ သုံးရေကိုတောင် နှိုင်းနှိုင်းဆဆနဲ့ သုံးစွဲနေကြရတာကိုလည်း မြင်တွေ့ရပါတယ်။ အချို့ဒေသတွေမှာ ပုံမှန် မိသားစုတစ်စုရဲ့ တစ်ရက်ရေသုံးစွဲမှုဟာ မြို့ပြနေထိုင်သူတစ်ဦးရဲ့ တစ်ရက်စာ ရေသုံးစွဲမှုလောက်သာ ရှိပါတယ်။ ဒါကြောင့် သန့်ရှင်းသောသောက်သုံးရေ မရရှိခြင်းရဲ့ အကျိုးဆက် တွေဖြစ်တဲ့ တစ်ကိုယ်ရေကျန်းမာသန့်ရှင်းမှု အပါအ၀င် ရေနဲ့ပတ်သက်တဲ့ ရောဂါဘယတွေ ဖြစ်မှန်းမသိ ဖြစ် တတ်ကြတယ်လို့ သိရပါတယ်။
"ရေကို လုံလုံလောက်လောက် ရရှိတော့မယ်ဆိုတာ မြင်ရလို့ သူတို့အားလုံး ပျော်ရွှင်သွားကြတဲ့ မြင်ကွင်းက ကျွန်တော်တို့ ပင်ပန်းသမျှ ပြေပျောက်ပါတယ်။ ကလေးတွေ ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်ကြဖို့ ကျေးလက်ဒေသတွေမှာ ရေရှည်တည်တံ့ပြီး ကျေးရွာတွေအတွက် အမှန်တကယ် အကျိုးရှိစေတဲ့ ရေရရှိမှုတွေဖြစ်အောင် အားလုံး ပူးပေါင်းဆောင်ရွက်ပေးကြမယ်ဆိုရင် အကောင်းဆုံးပါပဲ" လို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။
ဖာလိုင်ကျေးရွာသားတွေကတော့ သူတို့အတွက် သန့်ရှင်းတဲ့သောက်သုံးရေ ရလာခဲ့တာမို့ ပျော်ရွှင်စွာနဲ့ ရေစုကန်ကြီးကို ဝိုင်းဖွဲ့ကြည့်ရှုနေကြပါပြီ။ အခြားသော တောင်ပေါ်ဒေသက ကျေးရွာများအားလုံးဟာလည်း သန့်ရှင်းတဲ့သောက်သုံးရေတွေ ရရှိဖို့အတွက် ပြည်တွင်း ပြည်ပက ရေအလှူရှင်များကို စောင့်မျှော်နေပြီဆိုတာကတော့ အသေအချာပါပဲ။ ။
(ဦးခင်မောင်ဝင်းသည် ရေနှင့် ရေဆိုးသန့်စင်မှုဆိုင်ရာ Engineer လုပ်ငန်းများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းများကို Myanmar Water Engineering and Products ကုမ္ပဏီလီမိတက်၏ Managing Director အဖြစ် နှစ်ပေါင်း ၃၀ ခန့် လုပ်ကိုင်ခဲ့သည်။ ယခုအခါ အကြံပေးပညာရှင်အနေဖြင့် ရန်ကုန်စည်ပင်သာယာရေး ကော်မတီတွင်လည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတွင် လည်းကောင်း၊ ဧည့်ပါမောက္ခနှင့် Supervisor အဖြစ် ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့တွင်လည်းကောင်း လုပ်ကိုင်ပေးလျက်ရှိသည်။ နိုင်ငံတော်၏ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင်လည်း အကြံပေးပညာရှင်အဖြစ် ဆောင်ရွက်လျက်ရှိသည်။)


