သံတွဲ   ၂၉ မတ်


သံတွဲမြို့နယ်အတွင်း လယ်ယာစိုက်ပျိုးရေး ချေးငွေနှင့်ပတ်သက်၍ ငွေချေးယူနိုင်သည့် ပုံစံနည်းလမ်းများကို တောင်သူများ သိရှိနားလည်နိုင်ရန် ရှင်းလင်းဆွေးနွေးပွဲကို မတ် ၁၉ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၇ ရက်တွင် မြို့နယ်လုံးကျွတ် ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးအောင်စိုးထံမှ သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီနှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်း၍ သံတွဲမြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ တောင်သူများအား တိုက်နယ်ဇုန်များတွင် စုရပ်ပြုကာ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်  စိုက်ပျိုးစရိတ် ထုတ်ချေးမှုဆိုင်ရာများဖြစ်သော နှစ်စဉ် စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးခြင်း၊ စိုက်ပျိုးစရိတ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ ( JICA two step loan)၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးနှစ်ဆင့်ချေးငွေ( MEB two step loan )ဆိုင်ရာများ၊ ချေးငွမူဝါဒ၊ ရည်ရွယ်ချက်၊ ချေးငွေဆိုင်ရာ အချက်အလက်များ၊ ချေးငွေအမျိုးအစား၊ အာမခံပစ္စည်းတင်သွင်းမှု၊ အတိုးနှုန်း၊ ဒဏ်တိုး ဆိုင်ရာများနှင့် ချေးငွေများကို သတ်မှတ်ရက်အတွင်း အကြေပြန်လည်ပေးဆပ်ရေး ဆိုင်ရာများကို သံတွဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးအောင်စိုးဦးက အသိပညာပေး ဆွေးနွေးခဲ့သည်။ 

`
ထို့နောက် ကျေးရွာအုပ်စုများမှ တက်ရောက်လာကြသော တောင်သူများက စုငွေဆိုင်ရာများ၊ ငွေစုစာအုပ်များ တောင်သူလက်ဝယ် မရှိသည့် ကိစ္စရပ်များ၊ စိုက်ပျိုးစရိတ်ချေးငွေ စိစစ်ရေးလုပ်ငန်းဆိုင်ရာများကို မေးမြန်းကြရာ မြို့နယ်မန်နေဂျာက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။


ဆက်လက်၍ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်ကို ပြောင်းလဲပြီး တောင်သူများ ရာသီချိန်အမီ စိုက်ပျိုးရိတ်သိမ်းနိုင်ရန်အတွက် ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက်မှ ထုတ်လုပ်သည့် လယ်ထွန်စက်မျိုးစုံ၊ ရိတ်သိမ်းရွှေလှေ့စက် မျိုးစုံတို့ကို တောင်သူများအား မိတ်ဆက်ပြသကာ စက်ပစ္စည်း ရောင်းချရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


သန့်ဇင်(ခရိုင်ပြန်/ဆက်)