သရုပ်ဆောင်အလုပ်ထက် စီးပွားရေးအလုပ်ကို ဇောက်ချလုပ်ကိုင်တော့မယ်လို့ ဆိုလာတဲ့ သရုပ်ဆောင် ဗေလုဝ

ဟာသဇာတ်ရုပ်တွေနဲ့ အနုပညာလောကထဲမှာ ပရိသတ်တွေရဲ့အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ဗေလုဝဟာ ဒီဇင်ဘာ ၁၆ ရက်က "လယ်သူမ" မြန်မာထမင်းဆိုင်လေးကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ရတနာလမ်းမကြီးမှာ ဖွင့်လိုက်ပြီဖြစ်ပါတယ်။

ဆိုင်လေးဖွင့်ဖြစ်ခဲ့ပုံကိုလည်း ဗေလုဝက "ဦးဗေနဲ့ အမျိုးသမီးက အရင်က လယ်လေးတွေ ဝယ်ပြီး လုပ်ဖြစ် ပါတယ်။ လယ်ယာကထွက်တဲ့ စပါးစိုက်ပျိုးချိန်တွေဆိုရင် မှည့်ဖို့စောင့်ရတဲ့အချိန်မျိုးမှာ လယ်ထဲငါးမျှားကြ၊ ပိုက်ထောင်ကြပြီး ရလာတဲ့ငါးမျိုးစုံကို ငါးပိချက်လေး ချက်စားကြတယ်။ ဒါလေးကို ရန်ကုန်မှာလည်း ချပြ လိုက်ရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့ စိတ်ကူးလေးနဲ့ ဟိုဟာစု ဒီဟာစုပြီး အနုပညာစိတ်ကူးလေးနဲ့ ဆိုင်လေးကိုပြင်ဆင်ပြီး ဖွင့်ဖြစ်ခဲ့တာပါ။ လယ်ထဲမှာချက်တဲ့အတိုင်း အမျိုးသမီးကလည်း အကောင်းဆုံး ဖြစ်အောင်ချက်ပြုတ်ထားပါတယ်"လို့ ခုလိုပြောပြခဲ့ပါတယ်။

"ဤအရာသည် အချစ်ဟုခေါ်သလား"ရုပ်ရှင်ဇာတ်ကားကြီးနှင့် အမျိုးသားဇာတ်ပို့ဆုကို ရရှိထားသူတစ်ဦး ဖြစ်တဲ့ သရုပ်ဆောင်ဗေလုဝက သရုပ်ဆောင်အလုပ်ထက် စီးပွားရေးကို ပိုမိုဇောက်ချလုပ်ကိုင်သွား တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ချစ်ဇာခြည်