သရုပ်ဆောင်နယ်ပယ်ဘက်ကို စတင်ခြေချလိုကြောင်း မက်ဟန်ထရိန်နာ ဖွင့်ဟ

၁၈ မေ

နာမည်ကျော် ပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ မက်ဟန်ထရိန်နာက လတ်တလောမှာတော့ သူ့အနေနဲ့ ဂီတဘက်ကနေ သရုပ်ဆောင်နယ်ပယ်ဘက်ကို ခြေချလိုကြောင်း၊ သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာလှုပ်ရှားမှုတွေကို စတင်လိုက်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်တယ်လို့ အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

“All About That Bass” တေးသံရှင် မက်ဟန်ထရိန်နာဟာ ဟောလိဝုဒ်ရုပ်ရှင်လောကမှာလည်း အောင်မြင်မှုတွေ သိမ်းပိုက်လိုတဲ့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့သရုပ်ဆောင်အရည်အချင်းတွေကို ချပြနိုင်ဖို့ မကြာမီမှာ လှုပ်ရှားမှုတွေ စတင်လိုတာဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်သံဖန်တီးမှုရုပ်ရှင် “Smurfs: The Lost Village”မှာ အသံနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အေမီချူးမား ရဲ့ ရုပ်ရှင် “I Feel Pretty”မှာလည်း သူ့ရဲ့တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “Me Too” ပါဝင်ခဲ့ပါတယ်။ ဒီလိုသရုပ်ဆောင်လုပ်ငန်းနဲ့ နီးစပ်မှုတွေရှိခဲ့ပြီး ဖြစ်တာကြောင့် မက်ဟန်ထရိန်နာက ငွေရောင်ပိတ်ကားထက်ဝယ် နေရာရယူလိုတာဖြစ်ပါတယ်။

 

သရုပ်ဆောင်တစ်ဦးဖြစ်ချင်နေတဲ့ မက်ဟန်ထရိန်နာက သူ့ရဲ့စိတ်ကူးထဲက ရုပ်ရှင်ဟာ ဟာသရုပ်ရှင်အမျိုးအစားဖြစ်တဲ့ “I Feel Pretty”လို ရုပ်ရှင်မျိုးဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့်လက်ရှိအချိန် အထိတော့ အဓိကဇာတ်ဆောင်တစ်ဦးအဖြစ် ပါဝင်ရိုက်ကူးသွားဖို့ရာ အစီအစဉ်မရှိသေးဘူးလို့လည်း ဖွင့်ဟခဲ့ပါတယ်။ သူကအစမှာတော့ ရုပ်ရှင်တွေမှာ စမ်းသပ်သရုပ်ဆောင်ရင်း အစစ်ဆေးခံလိုကြောင်း၊ ရုပ်ရှင်တွေမှာ ဇာတ်ရံအဖြစ် တစ်ခန်းတလေပါဝင်ခဲ့ရာမှ နောက်ပိုင်းမှာ အဓိကဇာတ်ဆောင်တစ်ဦး ဖြစ်လာချင်ကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။

 

အေးပြည့်