သထုံ ၁၇ ဧပြီ
မွန်ပြည်နယ် သထုံမြို့ အကျဉ်းထောင်မှ ဧပြီ ၁၇ ရက် နေ့လယ်ပိုင်းက နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်၊ နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်သော အမိန့်အမှတ် ၁၃/၂၀၁၉ အရ သက်ကြီးအကျဉ်းသားတစ်ဦးအပါအဝင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား ၄၃ ဦးအား အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ပေးခဲ့ကြောင်း သိရသည်။
“ယနေ့ လွတ်မြာက်ပေးခဲ့တဲ့ အကျဉ်းသားများက ပြစ်မှုမျိုးစုံ ကျုးလွန်သူတွေ ပါဝင်ပြီး နှစ်သစ်ကူးအထိမ်းအမှတ်နဲ့ လူသားခြင်းစာနာထောက်ထားမှုများကို အလေးထား၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်သင့်လွတ်ထိုက်သူတွေကို စနစ်တကျ စိစစ်ပြီး လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တာပါ၊ လွှတ်ပေးတဲ့သူတွေကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုံးမဩဝါဒပေးပြီး တစ်ဦးကို တစ်ထောင်ကျပ်စီပေး၍ ရပ်ဝေးကသူတွေကို ကားဂိတ်တွေအရောက် လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်”ဟု သထုံမြို့ အကျဉ်းထောင်မှ ထောင်မှူးဖြစ်သူ ဦးနိုင်ဝင်းက ပြောသည်။
နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်အရ လွတ်သင့်လွတ်ထိုက်သည့်သူများအား ထပ်မံ၍ စနစ်တကျစိစစ်ပြီး လွတ်ငြိမ်းသက်သာခွင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခွန်(ဝင်းပ)


