နေပြည်တော် မတ် ၆

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များကို ဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ နယ်စပ် ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေး ရုံးနှင့်စခန်းများ၊ အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်း ဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် သတင်းအချက်အလက် ရရှိမှုသည် အလွန်အရေးပါလျက်ရှိပြီး တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း သတင်းရရှိမှု (၅၇)ကြိမ် ရရှိခဲ့ပြီး၊ သတင်းမှား (၂)ကြိမ်နှင့် ဖမ်းဆီးရမိမှု (၅၅)ကြိမ်ဖြစ်သည်။ သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိ အမှုတွဲ(၉၆)မှု ဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိမှုများတွင် သစ်မျိုးစုံ၊ လုပ်ငန်းသုံး ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများဖြစ်သော ကုန်ပစ္စည်း (၅၈)မျိုး အပါအဝင် ခန့်မှန်းတန်ဖိုး ငွေကျပ် (၅,၄၉၃ ဒသမ ၂၂၄)သန်းနှင့် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် ရေယာဉ်နှင့် မော်‌တော်ယာဉ်များ အပါအဝင် လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် လိုင်စင်မဲ့မော်တော် ဆိုင်ကယ်များ ဖမ်းဆီးရမိခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း ဖမ်းဆီးရမိမှု တန်ဖိုး ငွေကျပ်(၅,၄၉၃ ဒသမ ၂၂၄)သန်း၏ ၂၀ ရာခိုင်နှုန်း ဖြစ်သော ငွေကျပ်(၁,၀၉၈ ဒသမ ၆၄၅)သန်းကို သတင်းပေး ဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများမှ မြန်မြန်ဆန်ဆန် ဆုချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ကြောင့် တာဝန်သိ ပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှု သတင်းများနှင့်ပတ်သက်၍ လက်ကိုင်ဖုန်း - ၀၉၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်းနံပါတ် ၀၆၇-၄၀၉၈၈၃ နှင့်  အီးမေးလ် antiillegaltradeinfo@gmail.com သို့ သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။

သတင်းစဉ်