သတ္တုကဏ္ဍနှင့် ဆက်စပ်သည့် နိုင်ငံ့စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ၁၁ စက်တင်ဘာ

ယမန်နေ့မှ အဆက်

သတ္တုကဏ္ဍနှင့်ဆက်စပ်သည့် နိုင်ငံ့စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့ရာ အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် ဦးခင်လတ်ကြီး (ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန)၊ ဒေါက်တာရဲမြင့်ဆွေ (ညွှန်ကြားရေးမှူးချုပ်၊ ဘူမိဗေဒလေ့လ့လာရေးနှင့် ဓာတ်သတ္ထုရှာဖွေရေးဦးစီးဌာန)၊ ဦးအောင်ညွန့်သိန်း (ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မော့့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း)၊  ဦးထွန်းလင်းရှိန် (မန်နေဂျင်းဒါရိုက်တာ၊ မြောက်ကျွန်းသူမမ သတ္တုတူးဖော်ရေးကုမ္ပဏီ) နှင့် ဦးဇော်ဘိုခန့် (ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း) တို့က ပါဝင်ဆွေးနွေးကြသည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များကို ပြန်လည်ဖော်ပြအပ်ပါသည်-

မန်အစီအစဉ်မှူး။   ။ သီးခြားစီများ ဆွေးနွေးပေးဖို့၊ မေးမြန်းပေးဖို့ ကျန်ရှိနေသေးရင်လည်း  ဆွေးနွေးပေးပါဦး။

ဒေါက်တာရဲမြင့်ဆွေ။  ။ နည်းပညာဆိုတာ အဓိကကတော့   အချောထည်တွေရဲ့   ဈေးကွက် ရရှိရေးဆိုတာ  အဓိကက နည်းပညာပေါ့။    တန်ဖိုးရှိတဲ့ မြန်မာပြည်ကထွက်တဲ့ ပတ္တမြား၊ နီလာ၊  ကျောက်စိမ်းတို့ နိုင်ငံတကာဈေးကွက်ကို ပို့တော့မယ်ဆိုရင်  ကျွန်တော်တို့က နိုင်ငံတကာ အသိအမှတ်ပြု ပညာရှင်၊   ဓာတ်ခွဲခန်း စသည်တို့က certify  လုပ်ပေးတဲ့  စနစ်တွေ လိုတယ်။ အဲဒီစနစ်တွေဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဒီလို Certificate (အထောက်အထားလက်မှတ်) လုပ်ပေးနိုင်တဲ့   ဓာတ်ခွဲခန်းကြီးတွေ လိုတယ်၊ နည်းပညာတွေ လိုတယ်။ Certificate လုပ်ပေးနိုင်တဲ့ ကျောက်မျက် ပညာရှင်တွေ  လိုတယ်။    လက်ဝတ်ရတနာဆိုလည်း လက်ဝတ်ရတနာမို့  တန်ဖိုးရှိတဲ့ ကျောက်မျက်ရတနာတွေ အပြင်ကို ထုတ်ရောင်းဖို့ဆိုတော့  ဈေးကွက်တွေကို ရထားတဲ့ နိုင်ငံတွေမှာ အဲဒီပိုင်ဆိုင်မှုတွေ ရှိနေတယ်။ ကျွန်တော်တို့ကလည်း ဒါကိုလုပ်ရမယ်။ ကျွန်တော်တို့မှာ အရင်းအမြစ် ရှိတယ်။ နည်းပညာနဲ့ အခြေခံအဆောက်အအုံ လိုတယ်။ Policy တွေ၊  လုပ်ထုံးလုပ်နည်းတွေ ဝိုင်းဝန်းလုပ်ပြီးတော့ မူတစ်ခု ထူထောင်နိုင်မှရမယ်။

အစီအစဉ်မှူး။ ။ ကျောက်ထွက်တယ်။ ကျွန်တော်တို့ကြားထားတာက နိုင်ငံတော်ကိုမပြချင်ဘူး။ အောက်လမ်းကနေပဲ သွားတယ်။ စမ်းသပ်စစ်ဆေးပြီးတော့ Recommend  ပေးတဲ့ ဌာနကြီးလုပ်လည်း အဲဒီကိုရောက်ပါ့မလားလို့ တွေးတယ်။ အခွန်ရှောင်ချင်တာ၊ တခြားနည်းဥပဒေတွေ ရှုပ်ထွေးမှုကို ကျော်ချင်တယ်။ ကျောက်ထွက်တယ်။ ဟိုဘက်ကိုလွှတ်တယ်။ ဟိုကပြန်လာတဲ့အခါ ဆယ်ဆမကနှုန်းနဲ့ ပြန်လာတယ်။ သွင်းကုန်ပုံစံမျိုး ပြန်လာတဲ့အခါ ဒီဘက်နိုင်ငံတော်က Stakeholders က ပံ့ပိုးပေးသော်ငြားလည်း ဒီကျောက်က ကျွန်တော်တို့ဆီ ရောက်လာပါ့မလားလို့ တွေးမိပါတယ်။

တရားမဝင်ရောင်းဝယ်မှု

ဦးအောင်ညွန့်သိန်း။ ။ ကျွန်တော်တို့   နိုင်ငံအတွင်းမှာ   ဈေးကွက်ဖြစ်လာရင် လက်ရာလည်း  ကောင်းလာမယ်။    ဒီမှာဈေးကွက်ဖြစ်တယ်။ အရောင်းအဝယ်ဖြစ်တယ်။  ဈေးရတယ်ဆိုရင်  ဖန်တီးထုတ်လုပ်တဲ့ လက်ဝတ်ရတနာ အချောထည်ထုတ်လုပ်တဲ့ သူက သူ့လက်ရာကို ကောင်းသည်ထက် ကောင်းအောင် တီထွင်ဖန်တီး ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။   အဲဒီအတွက် ဈေးကွက်ကောင်းကောင်း ရရှိရေးနဲ့ လက်ရာကောင်းရေးသည် အပြန်အလှန်  ဆက်စပ်မှုလေးရဖို့တော့ သွားနေတယ်။ ကျွန်တော်တို့သည် ပင်ရင်းထွက်တဲ့နိုင်ငံမှာ ဈေးကွက်ဖြစ်ဖို့ ဆောင်ရွက်သင့်တဲ့ အချက်တစ်ချက်ကတော့  တရားမဝင် ရောင်းဝယ်မှုပြုနေတဲ့ ကိစ္စဖြစ်ပါတယ်။ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှုတွေကို    ထိထိရောက်ရောက်   တားဆီးနိုင်မယ်ဆိုရင်  ကျွန်တော်တို့ လိုလားတဲ့ ဈေးကွက်ထိန်းချုပ်မှုနဲ့ ဈေးကွက်ဝေစုရရှိရေးဟာ အမြန်ဆုံးဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။

ဦးထွန်းလင်းရှိန်။  ။ ကျွန်တော်တစ်ခုလောက်   ဖြည့်ပြီး  ဆွေးနွေးချင်ပါတယ်၊    ပတ္တမြား၊ နီလာပေါ့၊ ကျောက်စိမ်းကလွဲလို့ တခြားကျောက်ကတော့ အချောထည်ဈေးကွက်က    ပုံစံတစ်မျိုးပါ။  စီးပွားရေး လုပ်ငန်းထဲမှာ    ရှိတဲ့သူတွေကတော့   သိပါတယ်။ ကျောက်စိမ်းကျတော့   အချောထည်ဈေးကွက်မှာဆိုရင် ဖန်တီးမှုအနုပညာဆန်ဆန် လုပ်တဲ့သဘော ဖြစ်နေတယ်။ ဥပမာ-  အရိုင်းတုံးကြီး တစ်တုံးကိုမြင်ပြီး    ပန်းပုဆရာ တစ်ယောက်က ပန်းပုထုလိုက်တဲ့အခါမှာ ဘယ်လိုပုံစံပန်းပု ထုမယ်၊ သဘောက သူရဲ့ တရုတ်ယဉ်ကျေးမှု နောက်ခံ အနေအထားနဲ့၊ ဘယ်လိုပုံစံထုရင်   ဘယ်လိုဖြစ်သင့်တယ်။ မြန်မာဘုရားထုတာနဲ့၊ တရုတ်ဘုရားထုတာ မတူတဲ့သဘောမျိုး၊ ဒီတန်ဖိုးကလည်း အနုပညာ ဖန်တီးမှုအပေါ်မှာ  ဦးစားပေးတာများတဲ့ အပိုင်းဖြစ်နေတော့  ကျွန်တော်မြင်တာက အချောထည်ဈေးကွက်ကို ပတ္တမြား၊ နီလာဘက်ကို ဦးစားပေးပြီးတော့ မြန်မာပြည်မှာ   ပထမအဆင့် လုပ်မယ်ဆိုရင် ပိုပြီးတော့ အောင်မြင်နိုင်ပါတယ်။    ထိရောက်မယ်လို့ ကျွန်တော် ဆွေးနွေးချင်ပါတယ်။

ဦးခင်လတ်ကြီး။  ။ ကျွန်တော်နည်းနည်း ဖြည့်စွက်ဆွေးနွေးချင်တာကတော့ ဦးဇော်ဘိုခန့် ဆွေးနွေးတဲ့ ပြည်တွင်းမှာ အချောထည်ဈေးကွက်ဖြစ်ဖို့က တကယ်တမ်း   သတ္တုကဏ္ဍမှာ   DG ကြီးဆွေးနွေးတဲ့ ပြည်ပကပညာရှင်တွေ      ကျွန်တော်တို့ဆီမှာလာပြီး နည်းပညာတွေ ပေးတာရှိတယ်။ အခုလည်း သတ္တုကဏ္ဍမှာ တခြားက ပညာရှင်တွေခေါ်သလိုပဲ၊ ကျောက်မျက်ကဏ္ဍမှာလည်း ကျောက်စိမ်းဆိုတာက အိမ်နီးချင်းနိုင်ငံတွေက တကယ့်ကို ဖွံ့ဖြိုးနေတဲ့ သဘောရှိတယ်။  နေပြည်တော်မှာ ရွှေကြာပင် ကျောက်မျက်စင်တာတွေ အချောထည်လုပ်ငန်းက ရှိပြီးသားပါ။    အဆောက်အအုံကလည်း ရှိပြီးသား။ ပြည်ပပညာရှင်တွေကို ဖိတ်ခေါ်ငှားရမ်းပြီးတော့ ကျွန်တော်တို့ဆီမှာရှိတဲ့  လုပ်သားတွေကို  နည်းပညာ ပေးမယ်ဆိုရင် ကျွန်တော်တို့အထဲမှာပဲ  အချောထည်ဈေးကွက်က ပိုပြီးတော့ ဖွံ့ဖြိုးလာမယ်လို့ စဉ်းစားမိပါတယ်။

အစီအစဉ်မှူး။ ။ အားလုံးရဲ့ အချုပ်ကို DG  ကြီးကပဲကျောက်မျက် သယံဇာတ သတ္တုနဲ့ပတ်သက်တဲ့ အရာတွေကို ပြည်သူကို အနှစ်ချုပ်ပြောပေးရင်းနဲ့ နိဂုံးချုပ်ပေးဖို့ ပန်ကြားပါတယ်။

သတ္ထုသိုက် ပမာဏ

ဦးခင်လတ်ကြီး။   ။ပထမပိုင်းမှာဆွေးနွေးခဲ့တဲ့ လုပ်ငန်းရှင်  ဦးထွန်းလင်းရှိန်  ဆွေးနွေးတဲ့  အထဲမှာလည်း ပါပါတယ်။   နည်းဥပဒေအသစ်မှာ (သ-၂) သတ္တုသိုက်ပမာဏကို လုပ်ငန်းရှင်က မလွဲမသွေ ဆွဲရတော့ မှာဖြစ်တယ်။  ဝန်ကြီးဌာနမှာ   ဒါကို   ရှင်းလင်းပွဲတွေ အကြိမ်ကြိမ် လုပ်ပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုကြုံတုန်း စကားဝိုင်းလေးမှာ ပညာရှင်ဖြစ်တဲ့ ဒေါက်တာရဲမြင့်ဆွေက အကျဉ်းချုပ် ဆွေးနွေးလိုက်မယ်ဆိုရင်တော့  နားထောင် နေတဲ့ပြည်သူတွေလည်း   လုပ်ရမယ့်  အခြေအနေလေး သိသွားနိုင်ပါတယ်ခင်ဗျာ။ ဒါလေးပြီးရင် နိဂုံးချုပ်ပြောပေးပါ့မယ်ခင်ဗျာ။

ဒေါက်တာရဲမြင့်ဆွေ။ ။ သတ္တုသိုက်တော်တော်များများက  Unseen  တွေ ဖြစ်တယ်၊ ကမ္ဘာ မြေအောက်မှာ Hidden  ဖြစ်နေတာတွေပဲ အကုန်လုံးက အပေါ်မှာ ထွက်ပေါ်နေတာတော့    မဟုတ်ဘူး။ သူ့ကို စနစ်တကျ တူးထုတ်မယ်ဆိုရင်    ဘယ်လိုပုံစံရှိသလဲ၊ ဘယ်လောက်ပမာဏ ရှိသလဲ၊ သတ္တုပါဝင်နှုန်း ဘယ်လိုရှိသလဲဆိုတာသိမှ ကျွန်တော်တို့က ဘယ်လိုတူးထုတ် မလဲဆိုတာ Mine Design ကိုဆွဲလို့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Exploration လုပ်တယ်ဆိုတာ သတ္တုသိုက် တစ်ခုကို စနစ်တကျ စူးစမ်းလေ့လာတာဖြစ်ပါတယ်။ သူ့ရဲ့ ပုံပန်းသဏ္ဌာန်၊    ဖြစ်ထွန်းနေတဲ့   အနေအထား၊ သူ့မှာပါဝင်တဲ့ သတ္တုအမျိုးအစား၊ ပါဝင်နှုန်း၊ သတ္တုသိုက် စုစုပေါင်းပမာဏသိရှိဖို့      ကျွန်တော်တို့က တိုင်းတာ တွက်ချက်မှုတွေ လုပ်ရပါတယ်။

သတ္တုဖြစ်ထွန်းမှု

တိုင်းတာတွက်ချက်တဲ့နေရာမှာ   စိန်လွန်တွင်းတွေ တူးတယ်၊ Testpit တွေချတယ်၊ Trech တွေလိုအပ်ရင် တူးတယ်၊ အပေါ်က Geophysics၊  Geochemistry လိုအပ်သလို စစ်တမ်းတွေ လုပ်ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ သတ္တုသိုက်ကို တွက်ချက်ပါတယ်။ သတ္တုသိုက်ပမာဏကို တွက်ချက်တဲ့နေရာမှာ အတန်းစားလေးခု ခွဲထားတယ်။ (သ-၁)၊ (သ-၂)၊ (သ-၃)၊ (သ-၄) တို့ဖြစ်ပါတယ်။ (သ-၁) ဆိုတာတော့ Proved reserve (P-1) လို့ခေါ်တာပေါ့။ (သ-၁)ကတော့ သတ္တုသိုက်ရဲ့   အလျား၊  အနံ၊ အမြင့် အကုန်လုံး Three dimension တောင်မှ မကတော့ဘူး။ Diagonal တွေကော၊ Sampling တွေ၊ Assay တွေ အကုန်သိပြီးတော့မှ  အတိအကျ တွက်ချက်တဲ့အရာကို (P-1) လို့ခေါ်ပါတယ်။

အဲဒီအခါကျတော့   အသေးစိတ် လုပ်ရပါတယ်။ (သ-၁) တွက်ချက်မှုတွေကတော့ မြေအောက်မိုင်းတွေထဲမှာ Blo  ခုအလိုက် ထုတ်တဲ့အခါတွေမှာပဲ တွက်လို့ရတယ်။  သတ္တုသိုက် အသစ်ရှာဖွေ စမ်းသပ်ဖော်ထုတ်မှုမှာ တော့  (သ-၁) တွက်ဖို့ကတော့ မလွယ်ဘူး။    အဲဒီမှာမှ ကျွန်တော်တို့က ခုနပြောတာကတော့ (သ-၁)ပေါ့။ ပိုရှင်း သွားအောင်   ကျွန်တော်တို့ (သ-၄)၊ (P-4) ကနေ စပြောပါမယ်။ (P-4) ဆိုတာတော့  (သ-၄)အဆင့်၊ အဓိပ္ပာယ်ကတော့ သေချာမှု အဆင့်အတန်း (၄) ရှိတယ်။ Potential ore reserve၊ (P-4)  ဆိုတာတော့ သတ္တု ဖြစ်ထွန်းမှုတွေကို အကြမ်းဖျင်း သိပြီးတော့  သူ့ရဲ့ဘူမိဗေဒ အခြေအနေနဲ့ ခန့်မှန်းဆက်စပ် တွက်ချက်ထားတဲ့အရာကို (P-4)  လို့ခေါ်တယ်။

ဆက်စပ်တွက်ချက်

သေချာမှုအဆင့်အတန်းက   မခိုင်မာသေးဘူး။ သွားတူးလိုက်ရင်  ရှုံးချင်ရှုံးနေမှာ အောက်မှာဘာမှန်း မသိသေးဘူး။ (P-4)  ပြီးတော့ (P-3)  ပေါ့ ။ (P-3) ကျတော့ hree dimension မှာ Two dimension လောက် ကို   ဘယ်လောက် ထူတယ်၊  ဘယ်လို  သွားနေတယ်၊ ဘယ်လောက် ရှည်တယ်ဆိုတာ သိနေတယ်။ သိနေပြီးတော့မှ သူ့ရဲ့အောက်မှာရှိတဲ့ downdip extension ကို ဘူမိဗေဒ အခြေအနေနဲ့ဆက်စပ်   တွက်ချက်ပြီးတော့မှ အစမ်းကျင်း(Testpit) လောက်နဲ့  တူးပြီး တွက်ထားတဲ့  Reserve  ကို (P-3) လို့ခေါ်တယ်။ (P-3) ဆိုတာ Possible ore reserve ပေါ့။ Possible

ore reserve  (P-2) ဆိုတာကျတော့  အလျား၊  အနံ၊  အမြင့်ကို စနစ်တကျ လွန်ကျင်းတွေ တူးပြီးတော့မှ Three dimensionally ore body ကို     ပုံဖော်ထားတဲ့   အနေအထားဖြစ်တယ်။ သတ္တုပါဝင်နှုန်းနဲ့  ပျံ့နှံ့တည်ရှိပုံ၊   သတ္တုသိုက်ရဲ့ တည်ရှိပုံ အနေအထား၊   ပုံပန်းသဏ္ဌာန် အကုန်လုံး   တွက်ချက် ထားတာကို(P-2) လို့ခေါ်ပါတယ်။  ဒါကြောင့်မို့  ကျွန်တော်တို့က သတ္တုတွင်းတစ်ခုကို တည်ထောင်တော့မယ်ဆိုရင် အနည်းဆုံး(သ-၂)အဆင့် လောက်တော့ တွက်ချက်မှ၊  ဒါမှမဟုတ်ရင် မသေချာဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ အရင်တုန်းက အသေးစား တူးဖော်ခွင့်တွေကိုတော့ (P-3) ore reserve နဲ့ mining  လုပ်ခွင့်ပေးတယ်။ ကျွန်တော်တို့က သတ္တုသိုက်ကို သေချာ အောင်တွက်ချက်ပြီး စနစ်တကျတူးမှ Mine Design သေချာရေးဆွဲလုပ်နိုင်မှ စွန့်ပစ်ပစ္စည်းက ဘယ်လောက်ထွက်မယ်။ ဘယ်လို စွန့်ပစ်ရမယ်၊ သတ္တုရိုင်းက ဘယ်လို ထွက်မယ်၊ သတ္တုသိုက်ကို ဘယ်လို တူးဖော် ထုတ်လုပ်ရမယ် ဆိုတာ Mine Design ဆွဲနိုင်ရမယ်။    သဘာဝ ပတ်ဝန်းကျင်ထိန်းချုပ်မှုတွေက အဲဒီတော့မှ control  ရမယ်။

သဘာဝပတ်ဝန်းကျင်ပျက်စီးမှု

ဒါကြောင့်မို့လို့ ကျွန်တော်တို့က (P-2) level စမ်းသပ်တိုင်းတာရေးလုပ်ပြီးမှ  တူးကြပါဆိုတာပါ၊ နို့မို့ဆိုရင်တော့ ကျွန်တော်တို့ ဘာမှမစမ်းသပ်ဘဲနဲ့   ကြုံသလို လိုက်တူးနေရင်တော့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ၊ Surface damage တွေ တအားများပြီးတော့မှ National Lost  ဖြစ်မယ်။  သတ္တုသိုက်လည်း lost  ဖြစ်မယ်။ environmental မှာလည်း ဆိုးရွားတဲ့ impact  တွေ ဖြစ်မယ်။ အဲဒီသဘောပါ။

ဦးခင်လတ်ကြီး။ ။ ကျွန်တော်အချုပ်လေး တင်ပြရင်ကျောက်မျက်ရဲ့ ဥပဒေကတော့ လွှတ်တော်တွေမှာ ဆွေးနွေးနေပါပြီ။ မကြာခင်မှာ ထွက်လာတော့မယ့် သဘောရှိပါတယ်။ သတ္တုတွင်းဥပဒေ၊ နည်းဥပဒေကတော့ ထွက်ပြီးဖြစ်ပါတယ်။ ကျွန်တော် ပထမပိုင်းမှာ ဆွေးနွေးသလိုပဲ သတ္တုတွင်းဥပဒေ၊ နည်းဥပဒေပြီးတဲ့အခါမှာတော့ လုပ်ငန်းရှင်တွေရဲ့ အခွင့်အလမ်းတွေက အများကြီး သာလာပါတယ်။ သာလာတဲ့ အတွက်ကြောင့် လက်ရှိအခြေအနေမှာ သတ္တုလုပ်လိုတဲ့၊ လုပ်ငန်းဆောင်ရွက်လိုတဲ့ ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံသူနဲ့ ကုမ္ပဏီတွေ တော်တော်များများ လူပုဂ္ဂိုလ်တွေက ကျွန်တော်တို့ဝန်ကြီးဌာနမှာ လာပြီးတော့မှ ဆွေးနွေးမှုတွေ များလာပါပြီ။ နောက်တစ်ခါ လုပ်ကွက် လျှောက်တာတွေကလည်း အများကြီးဖြစ်နေပါပြီ။ ကျွန်တော်ထင်တယ်၊ ခန့်မှန်းလုပ်ငန်း လုပ်ကွက်လျှောက်တဲ့ အရေအတွက်ဆိုရင် ၅၀ဝ လောက်တောင်ရှိနေတဲ့ သဘောဖြစ်ပါပြီ။ ဝန်ကြီးဌာနအနေနဲ့ လျှောက်ထားတဲ့ လုပ်ကွက်တွေကို စိစစ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ ဆောင်ရွက်နေပါတယ်။

သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ လုပ်ကွက်တွေကို စိစစ်ပြီး လုပ်ကွက်အသစ်တွေ ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခင်တုန်းက သတ္တုတူးဖော်ပြီးလို့ရှိရင် သတ္တုရိုင်းတွေကို ပြည်ပကို တင်ပို့ခွင့်ပေးခဲ့ပါတယ်။ အခု ကျွန်တော်တို့ သတ္တုရိုင်းတွေကို အရိုင်းအတိုင်း တင်ပို့တာနဲ့စာရင် တန်ဖိုးမြင့် ထုတ်ကုန်တွေ လုပ်ပြီးတော့မှပဲ ပြည်ပကို ပို့ဖို့နဲ့ ရောင်းချဖို့အတွက် ဒါတွေကို စီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ခုနကလုပ်ငန်းရှင်များ ဆွေးနွေးတဲ့ အခြေအနေဖြစ်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေကို ဦးစားပေးလိုက်ရင် သတ္တုတူးဖော်မှု လုပ်ငန်းတွေကို နှောင့်နှေးတယ်၊ ထိခိုက်တယ်ဆိုတဲ့ စိုးရိမ်တဲ့ အတွေးလေး ရှိပါတယ်။ လက်ရှိ အခြေအနေမှာတော့ သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို ကျွန်တော်တို့က သဟဇာတဖြစ်အောင် ဟန်ချက်ညီညီ ဆောင်ရွက်နေပါတယ်။ အဲဒီလိုဆောင်ရွက်နိုင်ဖို့အတွက်လည်း ပြည်ထောင်စုဝန်ကြီး ဦးစီးပြီးတော့မှ လေးလကိုတစ်ကြိမ်၊ တိုင်းဒေသကြီး၊ ပြည်နယ်မှာရှိတဲ့ သယံဇာတကို ကိုင်တွယ်နေတဲ့ ဝန်ကြီးတွေကို နေပြည်တော်မှာ ဖိတ်ပြီးတော့မှ ဝန်ကြီးဌာနမှာရှိတဲ့ ညွှန်ကြားရေးမှူးချုပ်တွေ၊ ဦးဆောင်ညွှန်ကြားရေးမှူးတွေနဲ့ သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို ဟန်ချက်ညီညီနဲ့ ဖွံ့ဖြိုးတိုးတက်အောင် ကျွန်တော်တို့ အလေးအနက်ထား ဆောင်ရွက်နေတဲ့အကြောင်းကို အသိပေးတင်ပြလိုပါတယ်။

ကျေးဇူးတင်ပါတယ်။

ရှင်မင်းနှင့်အဖွဲ့