ရန်ကုန် ၁၃ ဧပြီ
ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်အနောက်ပိုင်း အမှတ်(၂၀)ရပ်ကွက်၊ ဗိုလ်တေဇပတ်လမ်းရှိ သုံးထပ်တိုက်အပေါ်ဆုံးမှ အုတ်ရေကန်တွင် ရေဖြည့်နေစဉ် ဧပြီ ၁၃ ရက် နံနက် ၅ နာရီခွဲ၌ ကွဲအက်ပြိုကျသောကြောင့် ခေါင်းရင်းဘက်အဆောင်တွင် အိပ်ပျော်နေသော မိသားစုမှာ တစ်ဦးသေဆုံး၍ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရေကန်ကွဲအက်ပြိုကျမှုကြောင့် ဦးချစ်ကို (၃၁)နှစ်၊ အစ်မဖြစ်သူဒေါ် သူဇာဝင်း (၃၄)နှစ်၊ တူဖြစ်သူ အောင်ဟိန်းခန့် (၁)နှစ်နှင့် တူမဖြစ်သူ မခိုင်သက်ဝေ (၁၂)နှစ်တို့မှာ ဒဏ်ရာများအသီးသီးရရှိခဲ့ပြီး လှိုင်သာယာပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသစဉ် မခိုင်သက်ဝေမှာ ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားသောကြောင့် လှိုင်သာယာအနောက်ပိုင်း သောင်ကြီးနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
“အဆောက်အဦပိုင်ရှင်ကို အမှုဖွင့်ထားပြီးတော့ စည်ပင်သာယာအနေနဲ့ အထက်ကို တင်ပြထားပါတယ်။ လှိုင်သာယာမှာ တည်ဆောက်ကြတဲ့ အဆောက်အဦတိုင်းကို မစစ်နိုင်ဘူးဖြစ်နေတယ်။ ပါမစ်ကို ဦးစားပေးပြီး စစ်တာတော့ရှိတယ်။ နှစ်ထပ်ကို သုံးထပ်၊ သုံးထပ်ကိုလေးထပ် ဆောက်နေကြတော့ အသိပေးလည်း ဂရုမစိုက်ကြဘူး။ အရေးယူမယ်ဆိုရင်လည်း တစ်မြို့နယ်လုံးယူရမလို ဖြစ်နေတယ်။ အရေးယူရင်လည်း အခြားကို လက်ညှိုးထိုးတာတွေများတော့ လုပ်ကိုင်ရတာ အခက်အခဲတော့ရှိတယ်”ဟု မြို့နယ်စည်ပင်သာယာ(ယာ/အုံ)မှ AE ဦးကျော်ကျော်ဝင်းက ပြောသည်။
လှိုင်သာယာမြို့နယ်တွင် အဆောင်ဆောက်လုပ်မှု နှစ်စဉ်တိုးပွားလာမှုနှင့်အတူ အဆောင်များလည်း ယနေ့တိုင် ဆောက်လုပ်လျက်ရှိရာ စည်ပင်သာယာမှ ညွှန်ကြားထားသော ဆောက်လုပ်ရမည့်ပုံစံထက် မြန်ဆန်သက်သာစွာ ပြီးစီးရေးဖြင့် ဆောက်လုပ်ခြင်း၊ ပါမစ်ပုံစံ သတ်မှတ်အဆောက်အဦထက်ပို၍ တည်ဆောက်ခြင်းတို့ရှိရာ ယခုကဲ့သို့ ရာသီဥတုပူပြင်းချိန်တွင် ရေနည်းနေသာအုတ်ကန်မှာ အပူရှိန်ပျံ့လွင့်နေစဉ် ရေသွင်းချိန်၍ တည်ဆောက်မှုအရည်အသွေး လိုအပ်မှုကြောင့် ကွဲအက်ပြိုကျခြင်းဖြစ်ကြောင်း သိရသည်။
(၁၆၄)


