ရန်ကုန် ၉ ဖေဖော်ဝါရီ
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံ စာရေးဆရာအသင်းက ကြီးမှူး၍ သုတဘဏ်စာတမ်းဖတ်ပွဲကို ယနေ့မွန်းလွဲ(၁) နာရီတွင် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ မြန်မာနိုင်ငံ စာရေးဆရာအသင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စာတမ်းဖမ်းပွဲတွင် စာတမ်းဖတ်ပွဲသဘာပတိ မြန်မာနိုင်ငံစာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ(၃) ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က အဖွင့်အမှာစကား ပြောကြားပြီး စာတမ်းရှင် ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)နှင့် ပတ်သက်၍ မိတ်ဆက်စကား ပြောကြားသည်။ ထို့နောက် စာတမ်းရှင် ဒေါက်တာ မြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)က "အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး” စာတမ်းကို ဖတ်ကြားသည်။
ဆက်လက်ပြီး စာတမ်းဖတ်ပွဲ သဘာပတိ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်ချိုချိုတင်(မစန္ဒာ)က စာတမ်းရှင် အမျိုးသားစာပေဆု မနုဿကျော်ဝင်းနှင့် ပတ်သက်၍ မိတ်ဆက်စကားပြောကြားပြီး စာတမ်းရှင် အမျိုးသား စာပေဆုရ မနုဿကျော်ဝင်းက "တိုင်းရင်းသားယဉ်ကျေးမှုနှင့် မြန်မာစာပေ" စာတမ်းကို ဖတ်ကြားသည်။ ယင်းနောက် တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို စာတမ်းရှင်များက ဖြေကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


