သုဝဏ္ဏဝတီ ၁၁ ဖေဖော်ဝါရီ
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့အနီး ငါးကြီးအင်းကျေးရွာ၌ ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၇ နာရီခွဲက လမ်းမပေါ် ရပ်ထားသောကားအား အနောက်မှ အရှိန်မထိန်းနိုင်သောကားက ဝင်တိုက်မိ၍ ဝင်တိုက်သောကားမှ ယာဉ်မောင်းသူတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
သိမ်ဆိပ်နယ်မြေရဲစခန်းမှ ဒုရဲအုပ်ကျော်စွာလင်း၊ ရဲတပ်ဖွဲ့ဝင်များ၊ အသိသက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမကြီး မိုင်တိုင်အမှတ် ၁၃၇/ ၇ နှင့် ၁၃၈/ဝ အကြားတွင် ယဉ်မောင်း ဦးမျိုးမင်းဦး (၃၉) နှစ်၊ ၅ ရပ်ကွက်၊ ဆွာမြို့၊ ပဲခူးတိုင်းနေသူ မောင်းနှင်သော 5Q/---- နံပါတ်ပါ FAW အမျိုးအစား တွဲမော်တော်ယာဉ်ကားမှာ ဘီးပေါက်၍ ကားနောက်တွင် အတားအဆီးများချပြီး ရပ်နားထားခဲ့သည်။
ထိုသို့ ရပ်နားစဉ် မော်တော်ယာဉ်၏ ဝဲဘက်နောက်ခြမ်းအား လားရာတူ ဘီးလင်းမြို့ဘက်မှ သထုံမြို့ဘက်သို့ ယာဉ်မောင်း ဦးအေးလွင် (၄၂) နှစ်၊ လှိုင်သာယာ၊ ရန်ကုန်မြို့နေသူ မောင်းနှင်ပြီး ဘေးမှဦးခိုင်ထွန်းစိုး (၃၈) နှစ်၊ လှိုင်သာယာ၊ ရန်ကုန်မြို့ လိုက်ပါစီးနင်းလာသော ယာဉ်အမှတ် YGN.4F/---- အဖြူရောင် HONDA ACTY အမျိုးအစား မော်တော်ယာဉ်က အနောက်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိသဖြင့် ယာဉ်မောင်းသူ ဦးအေးလွင်မှာ အခင်းဖြင့်နေရာတွင် ဒဏ်ရာရရှိ သေဆုံးသွားကြောင်း၊ ဦးခိုင်ထွန်းစိုးမှာ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိ ခဲ့သဖြင့် သိမ်ဆိပ် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုနှင့်ပတ်သက်၍ သိမ်ဆိပ်နယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။
ခွန်(ဝင်းပ)


