ရန်ကုန် ၁၀ ဧပြီ
ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်၌ တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်များအား ရွှေတိဂုံစေတီတော် ရင်ပြင်ရှိ ချမ်းသာကြီးတန်ဆောင်သို့ ပင့်ဆောင်ပူဇော်သည့် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကမ္ဘာအေးစေတီတော်အရှေ့ဘက်မုခ် မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။
ရှေးဦးစွာ ကမ္ဘာအေးစေတီတော် မင်္ဂလာမဏ္ဍပ်တွင် ရန်ကုန်တိုင်းဒေသကြီး သံဃနာယက ဥက္ကဋ္ဌ ဆရာတော်အမှူးပြုသော ဆရာတော်သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရား တော်များ ရွတ်ပွားသရဇ္ဈာယ်ကြပြီး ဆရာတော်သံဃာတော်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်၊ ကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အား အမွှေးနံ့သာရည် များ ပက်ဖျန်းပူဇော်သည်။
ထို့နောက် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား ဆရာတော်သံဃာတော်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကမ္ဘာအေးစေတီတော်ဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဝတ်အသင်းအဖွဲ့များက ကမ္ဘာအေး စေတီတော်အား လက်ယာရစ် တစ်ပတ်လှည့်လည်ပူဇော်သည်။
ယင်းနောက် ရတနာစိန်ဖူးတော်၊ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အား ဆရာတော်သံဃာတော်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ဘာအေး ဘုရားလမ်း၊ ဓမ္မစေတီလမ်း၊ အာဇာနည်ဗိမာန်လမ်းမှတစ်ဆင့် ရွှေတိဂုံစေတီတော် အရှေ့ဘက် မုခ်သို့ ပင့်ဆောင်ကြသည်။
ရွှေတိဂုံစေတီတော်အရှေ့ဘက်မုခ်တွင် ရွှေတိဂုံစေတီ တော်ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဒေဝါဝင်း၊ ရာဇာဝင်း၊ နရီအဖွဲ့များဖြင့် ကြိုဆိုပင့်ဆောင်၍ ရွှေတိဂုံစေတီတော် မြတ်ကြီးအား လက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ကာ ချမ်းသာကြီးတန်ဆောင်တွင် တိုင်းဒေသကြီးသံဃနာယကဥက္ကဋ္ဌနှင့် ဆရာတော်သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာ တင်မင်္ဂလာ ဆောင်ရွက်ကြပြီး ရတနာစိန်ဖူးတော် ၊ငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့်ဆင့်တို့အား ရွှေတိဂုံစေတီတော် မြတ်ကြီး၏ ရင်ငွေ့ခိုလှုံကာ အပူဇော်ခံထားရှိသည်။
(ဟန်လင်းနိုင်)


