ထားဝယ် ၁၈ ဧပြီ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစဉ်ထာဝရငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်သန်လျက် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်၍ နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံသူနိုင်ငံသားများ စုပေါင်းအင်အားဖြင့် တည်ထားကိုးကွယ်လျက်ရှိသော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကံ့ကော်ပန်းအဝိုင်းနီးရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် အမြင့် ၆ ပေ၊ အကျယ် ၅ ပေရှိ စကျင်ဗုဒ္ဓရုပ်ပွားတော် (၂)ဆူသည် မေ ၂၁ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ ဒေသစာရီလှည့်လည်ကြွချီ အပူဇော်ခံမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရဟန်းရှင်လူ၊ ပြည်သူအများ ကုသိုလ်ယူ ပူဇော်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု၊ လှူဒါန်းမှုနှင့် စေတနာရှင်ပြည်သူများ၏ အလှူတော်မင်္ဂလာ ပူဇော်ပွဲအနေဖြင့် မေ ၂၁ ရက်နှင့် ၂၂ ရက်နေ့များတွင် ထားဝယ်မြို့၊ လောကမာရဇိန်ဘုရားကြီး မေတ္တာရိပ်အောက်၌ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များနှင့်အတူ ရင်ငွေ့တော်လှုံ အပူဇော်ခံထားရှိမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ပူဇော်နေစဉ်ကာလအတွင်း ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင်ကို မေ ၂၁ ရက်နေ့ ည ၇ နာရီခွဲတွင် လောကမာရဇိန် ဘုရားကြီးဝင်းအတွင်း၌ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက က ရဟန်းရှင်ပြည်သူများအား တရားအလှူချီးမြှင့်ပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ပြန်/ဆက်မှ သိရှိရသည်။
MDN


