ရန်ကုန် ၂ ဧပြီ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင် ဒုတိယနေ့ကို ယနေ့ ည ၇ နာရီခွဲက ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး ထီးတော်ရိပ်အောက်ရှိ ပြည်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
ငြိမ်းချမ်းရေးဓမ္မသဘင် ဒုတိယနေ့တွင် ယောဆရာတော် အရှင်သိရိန္ဒာဘိဝံသက တရားဒေသနာတော်များ ဟောကြားရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ တရားချစ်ခင်သူတော်စင်များက ငြိမ်းချမ်းရေးတရားတော်ကို နာယူကြည်ညိုကြသည်။
ငြိမ်းချမ်းရေးဓမ္မသဘင်ကို ဧပြီ ၁ ရက်မှ ၅ ရက်နေ့အထိ ကျင်းပလျက်ရှိရာ ဧပြီ ၃ ရက်တွင် တောင်စွန်းဆရာတော် ဓမ္မဘေရီအရှင်ဝီရိယ၊ ဧပြီ ၄ ရက်နေ့တွင် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက၊ ဧပြီ ၅ ရက်နေ့တွင် အောက်စဖို့ဒ်ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ စသည့် ဆရာတော်ကြီးများက တရားအလှူပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် ဉာဏ်တော် အမြင့် ၆ ပေ၊ အလျား ၅ ပေရှိ စကျင်ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူနှင့် ဉာဏ်တော်အမြင့် သုံးပေရှိ စကျင်ဗုဒ္ဓရုပ်ပွားတော် တစ်ဆူတို့အား ရဟန်းရှင်လူပြည်သူအများ ကုသိုလ်ယူ ပူဇော်နိုင်ရန်အတွက် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ မေတ္တာရိပ်အောက်တွင် ဧပြီ ၁ ရက်နေ့မှ ၁၈ ရက်နေ့ထိ ရင်ငွေ့တော်လှုံ အပူဇော်ခံလျက်ရှိရာ ယနေ့တွင် ရဟန်းရှင်လူပြည်သူအများက လာရောက်ဖူးမြော် ကြည်ညို၍ ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးအတွက် အလှူတော်ငွေများ ထည့်ဝင်လှူဒါန်းကြပြီး ဝတ်အသင်းအဖွဲ့များကလည်း ဝတ်ရွတ်ပူဇော် ကုသိုလ်ယူလျက်ရှိသည်။
(သတင်းစဉ်)


