ထားဝယ် စက်တင်ဘာ ၃

 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ အမှတ်(၆) အခြေခံပညာ အထက် တန်းကျောင်း၌ ကျင်းပသည်။

 

ဦးစွာ အထက(၆)မှ ကျောင်းသား ကျောင်းသူများက “ဒို့ပြည်ထောင်စုအတွက်သီချင်း၊ ရွှေထားဝယ် ကိုယ်ပိုင်အလယ်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက် သီချင်းနှင့် ပန်းဖွားအဖွဲ့တို့၏ ကပြဖျော်ဖြေနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကြသည်။

 

ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်ကို ပတ္တမြားဆောင်ခန်းမ၌ကျင်းပရာ အထက(၆)မှ ကျောင်းသား ကျောင်းသူများက “ထိန်းသိမ်းစို့လေ စာပေအမွေ သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကျပန်းစကားပြော ပြိုင်ပွဲ (အထက်တန်း)အဆင့်တွင် ဆုရရှိသော ကျောင်းသား ကျောင်းသူ ငါးဦးကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက စာစီစာကုံး(အထက်တန်း) အဆင့်တွင် ဆုရရှိသော ကျောင်းသား ကျောင်းသူငါးဦးကို လည်းကောင်း ဆုချီးမြှင့်သည်။

 

ထို့နောက် စာဖတ်စွမ်းရည် (အလယ်တန်း)အဆင့်တွင် ဆုရရှိသော ကျောင်းသား ကျောင်းသူ ငါးဦး၊ စာစီစာကုံး(အလယ်တန်း) အဆင့်တွင် ဆုရရှိသော ကျောင်းသား ကျောင်းသူငါးဦး၊ ပုံပြောပြိုင်ပွဲ (မူလတန်း)အဆင့်တွင် ဆုရရှိသော ကျောင်းသား ကျောင်းသူ ငါးဦးတို့အား တိုင်းဒေသကြီးဝန်ကြီးများက ဆုများပေးအပ် ချီးမြှင့်သည်။

 

ဆက်လက်၍ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများ၊ လူငယ်စာပေ ဆွေးနွေးပေးသော စာရေးဆရာမ နုနှင်းသစ်နှင့် ကျောင်းသား ကျောင်းသူ လေးဦးတို့အား တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုလက်ဆောင်များပေးအပ်ကြသည်။

 

ထို့နောက် အထက(၆)ကျောင်း စာကြည့်တိုက်အတွက် တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ တိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းတို့က စာအုပ်စာစောင်များလှူဒါန်းပြီး ကျောင်းအကျိုးဆောင် ဦးဝင်းဇော်ထွန်း မိသားစုက စာအုပ်စာစောင်များ ဝယ်ယူရန်အတွက် အလှူငွေကျပ် ငါးသိန်းနှင့် ကျောင်းအကျိုးဆောင်များကိုယ်စား ဒေါ်သူဇာအောင်က အလှူငွေကျပ်ငါးသိန်းကို ပေးအပ်လှူဒါန်းကြရာ ကျောင်းအုပ် ဆရာမကြီးက လက်ခံရယူသည်။

 

ယင်းနောက် မူလတန်းအဆင့် ပုံပြောပြိုင်ပွဲတွင် ပထမဆုရရှိသောကျောင်းသူက ပြိုင်ပွဲဝင် ခေါင်းစဉ်ဖြင့် ပြန်လည်၍သရုပ်ပြပြီး အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများကအနာဂတ် လူရည်မွန်သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)