ထားဝယ် စက်တင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးတို့က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် အထက(၈)မှ ကျောင်းသား ကျောင်းသူများက “ပြည့်ရတနာ”သီချင်း၊ ပညာရောင်ခြည် ကိုယ်ပိုင်အထက်တန်းကျောင်းမှ “တိုးတက်ဝေစည် တနင်္သာရီ”သီချင်း၊ လေ့ကျင့်ရေးအလယ်တန်း ကျောင်းမှ “လောကအားမာန်” သီချင်းဖြင့် ဘင်ခရာအဖွဲ့၊ ပန်းဖွားအဖွဲ့တို့က တီးမှုတ်ကပြ ဖျော်ဖြေနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသည့် ပွဲတော်ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ အထက်တန်းအဆင့်ဉာဏ်စမ်း ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် ဉာဏ်စမ်းပြိုင်ပွဲ၊ စာစီစာကုံး ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ မူလတန်းအဆင့်ပုံပြောပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲအနေဖြင့် ဆေးရောင်ခြယ် ပြိုင်ပွဲ၊ သတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ခါးကွင်းလှည့်ကစားနည်းများကို ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပါဝင်ယှဉ်ပြိုင်သော ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ကျောင်းသုံး ဗလာစာအုပ်များပေးအပ်သည်။
ယနေ့ကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ အမှတ်(၈)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ ပညာရောင်ခြည် ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် လေ့ကျင့်ရေး အလယ်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၁၇၅၀ ခန့် တက်ရောက်ကြပြီး ပွဲတော်တွင် ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြကွက်များနှင့် စာအုပ်ပြပွဲကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြပြီး ပြိုင်ပွဲများတွင် ပါဝင်ဆင်နွှဲကြသည့် ပြိုင်ပွဲဝင်များနှင့် ဆုရရှိသူများအား စက်တင်ဘာ ၁၁ ရက်တွင် ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


