ထားဝယ် စက်တင်ဘာ ၂၉

တနင်္သာရီတိုင်း ဒေသကြီး အဆင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ မြို့တော် ခန်းမ(၂)၌ ကျင်းပရာ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ပြည်သူလူထုအပါအဝင် အစိုးရဌာန၊ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍများ၊ ပရဟိတ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်၍ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင် ရေးလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း၊ သင်တန်းတက်ရောက် ခြင်းဖြင့် သင်တန်းသား သင်တန်း သူများအနေဖြင့် တိုင်းဒေသကြီး၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ စွမ်းဆောင်ရည်များ တိုးတက် လာမည့်အပြင် ဘေးကင်းလုံခြုံပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူမှုအသိုက်အဝန်းကို ထူထောင်နိုင် မည်ဖြစ်ကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။

အဆိုပါသင်တန်းကို သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရန်၊ သဘာဝဘေးအန္တရာယ်များကို စနစ်တကျ ထိရောက်မြန်ဆန်စွာ ရင်ဆိုင်တုံ့ပြန်နိုင်ရေးနှင့် ဘေးဒဏ် ကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ တွင် ပြည်သူလူထုနှင့် အခြား အင်အားစုများ၏ ပူးပေါင်းပါဝင်မှု ကို မြှင့်တင်ဆောင်ရွက်နိုင်ရန်၊ ခိုင်မာသော လူမှုအဖွဲ့အစည်း တစ်ရပ်ပေါ်ပေါက်လာပြီး ပြည်သူများအတွက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ဖွင့်လှစ် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းသား သင်တန်းသူ ၃၀ ကျော် တက်ရောက်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)