ထားဝယ်တညင်းသီးပေါင်းဟင်းလျာ

အခုလို တညင်းသီးတွေလှိုင်လှိုင်ပေါ်တဲ့ ရာသီရောက်တဲ့အခါ ထားဝယ်ဘက်မှာ တာဝန်ကျစဉ်က စားဖူးခဲ့တဲ့ တညင်းသီးပေါင်းဟင်းလျာကို သတိမရဘဲ မနေနိုင်ပါဘူး။ တညင်းသီးကို အမျိုးမျိုးအဖုံဖုံ စားသုံးကြတဲ့အနက် ကြိုက်နှစ်သက်လွန်းသူတွေက အစိမ်းအတိုင်းကိုပင် အနုအရင့်မရွေး ငါးပိရည်နဲ့ အတို့ အမြှုပ် လုပ်စားကြပါတယ်။ တညင်းသီးကို ဆားရေစိမ်ကာ တစ်မျိုး၊ မီးအုံးလို့ တစ်သွယ် စားတတ်ကြပေမယ့် အများဆုံးကတော့ ပြုတ်ပြီးစားကြတာပါ။

 

တချို့ဒေသတွေမှာတော့ တညင်းသီးပြုတ်ကို အပြားထုကာ အုန်းနို့နဲ့တွဲပြီး ချက်စားကြပါတယ်။ အဲဒါကို တညင်းသီးအုန်းနို့ဆမ်းရယ်လို့ ခေါ်ကြတာပါ။ တညင်းသီးရဲ့ တန်ဖိုးက စီးပိုင်တဲ့ဂုဏ်ပေါ်မူတည်ပြီး ထွက်ရှိရာအရပ်ဒေသကို လိုက်ကာ နာမည်ကြီးပါတယ်။ တောင်ငူဘက်ကထွက်တဲ့ သံတောင်ကြီးတညင်းသီး၊ ရခိုင်တညင်း၊ မြစ်ကြီးနားတညင်း အစရှိတာတွေက နာမည်ကျော် တညင်းသီးမျိုးတွေပါ။ ရှေးယခင်အခါများက တွံတေးနယ်ဘက်ကထွက်တဲ့ စာကလေးတညင်းဟာ ဆားရည်စိမ်ရာမှာ နာမည်ကြီးတာမို့ ဘုရင်တွေရဲ့ နန်းတွင်းကိုတောင် အိုးလိုက်ဆက်သရတယ်လို့ အဆိုရှိပါတယ်။

 

အဲဒါတွေအပြင် တညင်းသီးကို သဲထဲမြှုပ်၊ ရေလောင်းပြီး အညှောင့်ဖောက်စားရတဲ့ တညင်းဝက်ကိုလည်း အကြိုက်များကြပါသေးတယ်။ အများစုကတော့ တညင်းဝက်ကို ဆီနဲ့ကြော်ပြီး အတို့အမြှုပ်လုပ်စားကြပါတယ်။ တညင်းသီးရဲ့ ထူးခြားတဲ့ အခြားဂုဏ်တစ်ခုကတော့ အနံ့ပြင်းပြခြင်းပါပဲ။ တညင်းသီးစားခဲ့ပြီးရင် စကားပြောရာမှာဖြစ်စေ၊ အလေးအပေါ့ သွားရာမှာဖြစ်စေ၊ တညင်းသီးအနံ့ စွဲပြီးကျန်နေတတ်ပါတယ်။ တညင်းသီးဟာ တိုင်းရင်းသားလူမျိုးတိုင်းလိုလို ကြိုက်နှစ်သက်ကြတဲ့ မိရိုးဖလာစားစရာသီးနှံတစ်မျိုး ဖြစ်ပေမယ့် ယခုအခါမှာတော့ သွေးတက်စာ၊ သွေးတိုးစာ ဆိုပြီး အတော်များများက စားသုံးဖို့ရှောင်ကြတာကို တွေ့ရပါတယ်။

 

မိမိအယူအဆကတော့ နွယ်မြက်သစ်ပင်မှန်သမျှ ဆေးဖက်ဝင်သည်ချည်းမို့ သူ့အတိုင်းအတာနဲ့သူ ချင့်ချိန်စားသုံးရင်တော့ အန္တရာယ်မရှိလောက်ဘူးလို့ မှတ်ယူရပါတယ်။ အချို့က တညင်းသီးရဲ့အရသာကို ကြိုက်နှစ်သက်ကြလွန်းလို့ အလုံးငါးဆယ်၊ တစ်ရာပြုတ်စားကြတာမျိုး ဆိုရင်တော့ ''တန်ဆေး လွန်ဘေး''ဆိုဘိသကဲ့သို့ အန္တရာယ်ဖြစ်မှာမလွဲပါဘူး။ တညင်းသီးရဲ့ ဂုဏ်ကို ဇီဝိတဆေးကျမ်းမှာ ''တညင်းသီးသည် အခိုးအနံ့ပြင်း၊ အဆိမ့်များ၏။ ဝါယောဓာတ်သွားရန် အာကာသရ၍ ပထဝီဓာတ်ကို ဖြစ်စေ၏။ မပူလွန်း မအေးလွန်း၊ မျှတသော တေဇောဓာတ်ရှိ၏'' လို့ ဆိုထားပါတယ်။

 

တညင်းသီးပေါင်းဟင်းလျာ ချက်တော့မယ်ဆိုရင် တညင်းသီးစေးစေး ၁ဝ လုံးလောက်ကိုပြုတ်၊ အခွံသင်၊ ရေဆေးပြီး ပြားသွားအောင် အခြမ်းလိုက် ဆုံနဲ့ထောင်းပါမယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ပုစွန်ခြောက် သတ်သတ်စီထောင်းပြီးရင် ဒယ်အိုးတည်လို့ရပါပြီ။ ဆီသေပြီး အငွေ့တက်လာရင် ထောင်းပြီးသား ကြက်သွန်အဆာကို ထည့်ပါမယ်။ ကြက်သွန်အဆာ ရွှေရောင်သမ်းလာရင် မျှင်ငါးပိလေး အနည်းငယ်ထည့်ပြီး မွှေပါ။ ကျက်လောက်တဲ့အခါ ထောင်းထားတဲ့တညင်းသီးနဲ့ ပုစွန်ခြောက်၊ ဆားအနည်းငယ်ထည့်လို့ အထက်အောက်နှံ့အောင်မွှေပါ။

 

ပြီးမှ ရေကလေးမြုပ်ရုံထည့်လို့ အဖုံးအုပ်ကာ ချက်ရပါမယ်။ ဆီဆူသံပေးလာတဲ့အခါ အဖုံးဖွင့်ပြီး ဆီပြန်အောင် နာနာမွှေလိုက်ပါ။ အချို့ကတော့ ဆီပြန်စပြုလာရင် အခိုးသတ်တယ်ဆိုပြီး ငရုတ်သီးစိမ်းလေး၊ ငါးတောင့်ကို အညှာချွေပြီး အုပ်လိုက်ပါတယ်။ ချို၊ ဆိမ့်၊ မွှေးမွှေးအနံ့အရသာနဲ့အတူ စေးပိုင်နေတဲ့ တညင်းသီးပေါင်း ဟင်းလျာအဆန်းလေးကို စားဖို့အဆင်သင့်ဖြစ်ပါပြီ။

 

စံလွင် (ငါးဦးစီး)