ထိုင်းလိဂ်ကလပ်တွင် မြန်မာကစားသမားတွေ အရည်အချင်း မညံ့ဘူးဆိုတာကို သက်သေပြမည်ဟု ရတနာပုံ နောက်ခံလူ သိန်းသန်းဝင်း ပြောကြား

မြန်မာနေရှင်နယ်လိဂ် ကလပ်တွင် အင်အားကြီး အသင်းတစ်သင်းဖြစ်သည့် ရတနာပုံအက်ဖ်စီ အသင်းမှ ဘယ်နောက်ခံ ကစားသမား သိန်းသန်းဝင်း အနေဖြင့် ထိုင်းလိဂ်ကလပ်တွင် မြန်မာကစားသမားတွေ အရည်အချင်း မညံ့ဘူးဆိုသည်ကို သက်သေပြ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 

ရတနာပုံအက်ဖ်စီ အသင်းသည် အသင်း၏ ဘယ်နောက်ခံ ကစားသမား သိန်းသန်းဝင်းကို ထိုင်းလိဂ် (၁)ကလပ် ရက်ချာပူရီအသင်းသို့ တစ်ရာသီ အငှားစာချုပ်ဖြင့် စေလွှတ်သွားရန် ကလပ်အသင်း နှစ်သင်းကြား အသေးစိတ် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် သဘောတူညီမှု ရရှိခဲ့သည်။ 

 

ရက်ချာပူရီ အသင်းသို့ သွားရောက် ကစားခွင့်ရရှိမည့် အခြေအနေအပေါ် သိန်းသိန်းဝင်းက “ထိုင်းလိဂ်မှာ ကစားရမယ့် အခွင့်အရေးအပေါ် အကောင်းဆုံး ကြိုးစားသွားမှာပါ။ မြန်မာကစားသမားတွေရဲ့ အရည်အချင်း မညံ့ဘူးဆိုတာ သက်သေပြချင်ပါတယ်။ ခွင့်ပြုပေးတဲ့ ရတနာပုံ အသင်းကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်” ဟု ဖွင့်ဟ ပြောကြားခဲ့သည်။

 

သိန်းသန်းဝင်းသည် လာမည့် ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်၍ ဆေးစစ်မှု ခံယူရမည်ဖြစ်ပြီး ရတနာပုံအသင်း အနေဖြင့် ယခုနှစ်တွင် ကွင်းလယ်လူ စည်သူအောင်ကိုလည်း ထိုင်းကလပ် ချောင်ဘူရီ အသင်းသို့ တစ်ရာသီ အငှားစေလွှတ်ထားရာ သိန်းသိန်းဝင်း အနေဖြင့် ရတနာပုံအသင်းမှ တစ်ရာသီ အတွင်း  ဒုတိယမြောက် အငှားစေလွှတ်သည့် ကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။

 

သိန်းသန်းဝင်း သွားရောက်ကစားမည့် ရက်ချာပူရီ အသင်းမှာ ပြီးခဲ့သည့် ရာသီက ထိုင်းလိဂ် (၁)ပြိုင်ပွဲတွင် အဆင့် (၁၂) နေရာတွင် ရပ်တည်ခဲ့သည့် အသင်းဖြစ်ကြောင်း သိရသည်။

 

MDN
ဓာတ်ပုံ - မြန်မာနေရှင်နယ်လိဂ်