ဩဂုတ် ၂၉
ထိုင်းနိုင်ငံတွင် နိုင်ငံခြားခရီးသွားများဝင်ရောက်မှုနှင့်အတူ အရေးပါသောခရီးသွားကဏ္ဍတိုးတက်မှုရှိသော်လည်း မိုးခေါင်မှုကြောင့် ယခုနှစ် ဒုတိယသုံးလတာကာလအတွင်း နိုင်ငံ၏အလုပ်အကိုင်တိုးတက်မှုနှုန်း နှေးကွေးသွားကြောင်း ယမန်နေ့က တရားဝင်အချက်အလက်ထုတ်ပြန်ထားသည်။
နိုင်ငံ၏လုပ်သားအင်အားသည် ဧပြီလမှ ဇွန်လအတွင်း ၃၉ ဒသမ ၇ သန်းရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁ ဒသမ ၇ ရာခိုင်နှုန်း တိုးလာကာ ပြီးခဲ့သည့်သုံးလအတွင်း ၂ ဒသမ ၄ ရာခိုင်နှုန်းတိုးလာပြီး တိုးတက်မှုနှေးကွေးခဲ့ကြောင်း အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (အင်န်အီးအက်စ်ဒီစီ)က ပြောသည်။
အဆိုပါတိုးတက်မှုသည် အဓိကအားဖြင့် လယ်ယာလုပ်ငန်းမဟုတ်သောကဏ္ဍကို ချဲ့ထွင်ခြင်းကြောင့်ဖြစ်ပြီး ဟိုတယ်နှင့် စားသောက်ဆိုင်များတွင် အလုပ်အကိုင်ရရှိမှုသည် ပြီးခဲ့သည့်နှစ်ကထက် ၁၁.၇ ရာခိုင်နှုန်းတက်လာကာ ပြည်တွင်းစီးပွားရေး နှင့်ခရီးသွားများ ပြန်လည်ကောင်းမွန်လာကြောင်း ထိုကောင်စီ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဒေသအားလုံးတွင် မိုးရွာသွန်းမှုပမာဏသည် ပုံမှန်ထက် လျော့နည်းနေသဖြင့် မိုးခေါင်ရေရှားမှု ကြီးထွားလာခြင်းသည် စိုက်ပျိုးရေးအလုပ်သမားငှားရမ်းမှုနှင့် ဝင်ငွေရရှိမှုတို့အပေါ် ဆိုးဆိုးရွားရွားထိခိုက်မှုရှိသည်ဟု အေဂျင်စီကဆိုသည်။
နိုင်ငံ၏အလုပ်လက်မဲ့နှုန်းသည် ဇန်နဝါရီလမှမတ်လအတွင်း ၁ ဒသမ ၀၅ ရာခိုင်နှုန်းမှ ဒုတိယသုံးလတာကာလအတွင်း ၁ ဒသမ ၀၆ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


