နေပြည်တော် ဧပြီ ၂၂
ထိုင်းနိုင်ငံမှမိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများဆိုင်ရာ ပထမအကြိမ် မြန်မာ-ထိုင်း လုပ်ငန်းအကောင်အထည်ဖော်ရေး ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာန ချင်းတွင်းခန်းမတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့်ဥပဒေ ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်ဖေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mrs. Kanchana Patarachoke တို့က အစည်းအဝေးကို ဦးဆောင်၍ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲ ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှကိုယ်စားလှယ်၊ သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ပြည်နယ် အစိုးရအဖွဲ့ရုံးများမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ထိုင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၊ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနများနှင့် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား ပြန်လည်စိစစ်လက်ခံရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် များဦးဆောင်သည့် ပူးတွဲလုပ်ငန်းကော်မတီက ချမှတ်ခဲ့သည့် အစီအမံများ၊ ဆွေးနွေးခဲ့မှုများအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရေးနှင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက် သွားနိုင်ရေးတို့အတွက် ကျွမ်းကျင်သူအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးကြသည်။
ထို့ပြင် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား နိုင်ငံသားစိစစ်ရေး၊ တရားဝင် ပြန်လည်အလုပ်လုပ်ကိုင်နိုင်ရေးနှင့် မေလကုန်တွင် စတုတ္ထအကြိမ်မြောက် မိမိဆန္ဒ အလျောက်နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား ပြန်လည်လက်ခံနိုင်ရေးကိစ္စရပ် များအား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုအခြေခံ၍ ဆက်လက်တိုးမြှင့်ဆောင် ရွက်သွားရန် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များက အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
(သတင်းစဉ်)


