မြဝတီ  ၂၁   မတ် 


ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား အမျိုးသား(၈)ဦး၊ အမျိုးသား ကလေး (၂)ဦး၊ အမျိုးသမီး(၆)ဦး၊ အမျိုးသမီးကလေး(၂)ဦး၊ စုစုပေါင်း(၁၈) ဦးတို့အား မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေး ဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယနေ့နံနက်ပိုင်းတွင် မြဝတီမြို့ ယာယီလက်ခံ စောင့်ရှောက်ရေး ဂေဟာ၌ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခဲ့သည်။


ပြန်လည်လက်ခံခြင်း အစီအစဉ်သို့ မြဝတီခရိုင် အတွင်းရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် IOM (Myanmar)မှ တာဝန်ရှိသူများ တက်ရောက်၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။


ယင်းသို့ ပြန်လည်လွှဲပြောင်းပေးရာတွင် လူကုန်ကူးခံရသူ(၁၈)ဦးအနက် လူကုန်ကူးခံရသူ(၁၃)ဦးတို့၏ လုပ်ခလစာများနှင့် ထိုင်းနိုင်ငံအစိုးရ၏ ထောက်ပံ့ငွေ စုစုပေါင်း ထိုင်းဘတ်ငွေ(၄၁၁၁၀)ကိုလွှဲပြောင်းပေးခဲ့သည်။ ၎င်းတို့အား မြဝတီမြို့၊ ယာယီလက်ခံ စောင့်ရှောက်ရေး ဂေဟာတွင် (၃)ရက် လက်ခံစောင့်ရှောက်မည် ဖြစ်ပြီး ယာယီလက်ခံ စောင့်ရှောက်စဉ် ကာလအတွင်း အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းခြင်း၊ ခရီးသွားထောက်ခံစာများထုတ်ပေးခြင်း၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု(မြဝတီ)မှ လိုအပ်သည့်စုံစမ်းမေးမြန်းမှုများ ဆောင်ရွက်ခြင်း၊ နေရပ်ဒေသသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်ခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်သည်။


၎င်းတို့အား မိဘနေရပ်သို့ မတ် ၂၃ ရက်တွင် ပြန်လည်ပို့ဆောင်စေလွှတ်မည် ဖြစ်သည်။ မိဘရပ်ထံပြန်လည်အပ်နှံပြီးနောက် ပြန်လည်ထူထောင်ရေး အထောက်အပံ့များ ဆောင်ရွက်ပေးနိုင်ရန် နောက်ဆက်တွဲ စောင့်ရှောက်ခြင်း၊ ၎င်းတို့၏ လိုအပ်ချက်များအရ ပြန်လည်ထူထောင်ရေး ထောက်ပံ့မှုများကူညီပေးခြင်းတို့ကို ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် IOM(Myanmar)၊ UNICEF၊ World Vision (Myanmar)၊ Save the Children တို့ ဆက်လက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


(သတင်းစဉ်)