၂၄ မတ်

 

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၆ ဦး ရှိပြီး သေဆုံးသူ သုံးဦးရှိကြောင်း ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ခဲ့သည်။ စုစုပေါင်း ကူးစက်ခံရသူအရေအတွက် ၈၂၇ နှင့် သေဆုံးသူ လေးဦးရှိပြီ ဖြစ်ကြောင်း သိရသည်။

 

ထိုရောဂါ ကူးစက်ခံရသူ အရေအတွက်မှာ တနင်္ဂနွေနေ့က ၁၈၈ ဦး နှင့် တနင်္လာနေ့က ၁၂၂ ဦး တို့ရှိရာ အင်္ဂါနေ့တွင် ၁၀၆ ဦး သို့ လျော့ကျသွားသဖြင့် သတင်းကောင်းဖြစ်သည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Thaveesilp Wissanuyothin က ယနေ့ပြောကြားခဲ့သည်။

 

အဆိုပါ သေဆုံးသူ သုံးဦးအနက် တစ်ဦးမှာ အသက် ၇၀ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီ ၃ ရက်နေ့မှစတင်ကာ Bamrasnaradura Institute ကူးစက်ရောဂါကု ဆေးရုံတွင် ကုသမှုခံယူနေသူ ဖြစ်ကြောင်း Thaveesilp က ပြောကြားခဲ့သည်။

 

ထိုအမျိုးသားသည် ခရီးသွားဧည့်များသွားလာရေးအတွက် ယာဉ်မောင်းအလုပ်လုပ်ခဲ့သူ ဖြစ်ပြီး ယင်းဆေးရုံသို့ မပို့ဆောင်မီကပင် တီဘီရောဂါ ခံစားနေရသူဖြစ်သည်ဟု ၎င်းက ဆိုသည်။

 

အတည်ပြုထားသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် ၈၂၇ ဦး ရှိအနက် ပြန်လည်ကောင်းမွန်လာသူ ငါးဦး ထပ်မံတွေ့ရှိခဲ့ရာ  စုစုပေါင်း ၅၇ ဦး ရှိလာပြီဖြစ်ကြောင်း ထိုကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို