ရန်ကုန် ၁၉ ဧပြီ
မြန်မာ ကျောင်းသားလူငယ်များအတွက် ထိုင်းနိုင်ငံ၏ ပညာရေး အခွင့်အလမ်းကောင်းများ ရရှိစေမည့် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲကို ရန်ကုန်မြို့၌ ဧပြီ ၂၇ ရက်တွင်လည်းကောင်း၊ မန္တလေးမြို့၌ ဧပြီ ၂၈ ရက်တွင်လည်းကောင်း ဒုတိယအကြိမ်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး၌ ကျင်းပသော အဆိုပါပြပွဲကျင်းပနိုင်ရေး သတင်းစာရှင်းလင်း ပွဲမှ သိရသည်။
"ဒီပြပွဲဟာမြန်မာ ကျောင်းသားတွေအတွက် အခွင့်အလမ်းကောင်းတွေ ဖြစ်ပေါ်လာစေမယ်လို့ ယုံကြည်တယ်။ ထိုင်းနိုင်ငံမှရှိတဲ့ တက္ကသိုလ် အတော်များများကို တစ်စုတစ်စည်းတည်း ဒီမှာတွေ့မြင်နိုင်မယ်။ ကိုယ်လိုချင်တဲ့ သတင်းအချက်အလက်ကိုလည်း ကိုယ်တိုင်ကိုယ်ကျ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမေးမြန်းခွင့်ရမယ်။ မြန်မာနဲ့ ထိုင်းဟာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် ယဉ်ကျေးမှု ဓလေ့ထုံးစံတွေလည်း အတော်လေးတူညီတယ်။ အစားအသောက်ကအစ သိပ်မကွာသလို မြန်မာပြည် ပြန်ချင်လည်း နာရီပိုင်းနဲ့ရောက်နိုင်တာမို့ တက်ချင်တဲ့ ကလေးတွေအတွက် အစဉ်ပြေတယ်။ ပညာရေးအပိုင်းမှာလည်း နိုင်ငံတကာ အဆင့်မီတဲ့ ပညာရေးတွေကို ပို့ချပေးနိုင်တဲ့ တက္ကသိုလ်တွေရှိတယ်။ သွားတက်လို့ ရလာမယ့်ဘွဲ့နဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေကို မြန်မာပြည်မှာအပြင် ထိုင်းနိုင်ငံ နဲ့ အခြားနိုင်ငံတွေမှာလည်း ရှာနိုလိမ့်မယ်လို့ မြင်ပါတယ်" ဟု ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် (YUFL) ထိုင်းဘာသာ ဌာနမှူး ဒေါ်စုစုခင်ကပြောသည်။
ထိုပြပွဲကြီး ဖြစ်မြောက်ရေးကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ အဓိကူညီ ပံ့ပိုးပေးပြီး ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်း (AMAUT ) နှင့် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များအသင်း (မြန်မာ)TBAM တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ထိုနေ့ရှင်းလင်းပွဲတွင် တက်ရောက်လာကြသော သတင်းမီဒီယာများအား ပြပွဲဖြစ်မြောက်ရေးအဖွဲ့မှ YUFL ဌာနမှူး ဒေါ်စုစုခင်၊ AMAUT အတွင်းရေးမှူး ဦးကောင်းဇံ၊ ဒေါ်အဲလပ်(စ်) နှင့် မချိုချို ဝင်းတို့က သိလိုသည်များ ကို ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ထိုပြပွဲကြီးတွင် ထိုင်းနိုင်ငံရှိ နာမည်ကြီး ချုလာလောင်ကွန်း တက္ကသိုလ်၊ AIT တက္ကသိုလ်၊ Stam ford တက္ကသိုလ်နှင့် အခြားတက္ကသိုလ်များ ပါဝင်ကာ အင်ဂျင်နီယာ ဘာသာရပ်အမျိုးမျိုး၊ ဆေးပညာဘာသာရပ်အမျိုးမျိုး ၊နိုင်ငံရေးဘာသာရပ်၊ ဥပဒေဘာသာရပ်၊ ဂျာနယ်လစ်စင် ဘာသာရပ်နှင့် အခြားအသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘာသာရပ်များတွင် နာမည်ကျော်ကြားသော တက္ကသိုလ် (၂၀) ကျော် မှ လာရောက်ပြသမည်ဖြစ်သည်။ မြန်မာကျောင်းသားများ၊ မိဘအုပ်ထိန်းသူများ အနေဖြင့် ထိုတက္ကသိုလ်မှ တာဝန်ရှိသူများနှင့် တိုက်ရိုက်ဆွေးနွေးခွင့် ရရှိမည်ဖြစ်သည်။
တက်ရောက်လို့သော တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသာများ၊ တက္ကသိုလ် တက်ရောက်နေသူများ၊ မဟာဘွဲ့၊ ပါရဂူဘွဲ့များအတွက် ပညာသင်ထောက်ပံ့ကြေးများ အပြင် ပညာသင်ဆုအနေဖြင့် တက္ကသိုလ်တိုင်းတွင် ထူးချွန်ကျောင်းသားများအတွက် Full Scholarship နှင့် ကုန်ကျစရိတ် တစ်ဝက်လျော့ချပေးသော ပညာသင်ဆုများ၊ကျောင်းတက်နေသည့် ပညာသင်နှစ်အလိုက် ပညာသင်ဆုများ ပါဝင်ကာ မြန်မာကျောင်းသားများအတွက် အထူးအခွင့်အရေး ပေးသွားမည့် ပြပွဲဖြစ်ကြောင်း သိရသည်။ ပြပွဲကြီးကို ဧပြီ ၂၇ ရက်တွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ လည်းကောင်း ဧပြီ ၂၈ ရက်တွင် မန္တလေးမြို့ ရွှေပြည်သာ ဟိုတယ်၌လည်းကောင်း နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ပြသသွားမည်ဖြစ်ကြောင်း ယင်းသတင်းစာရှင်းလင်းပွဲမှသိရသည်။
သတင်း- မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး


