ထိုးထွက်လာမည့် မြန်မာ့ရုပ်ရှင်များ

၂၅ မတ်

 

၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ကျင်းပပြီးစီးသွားခဲ့ပြီ။ အကယ်ဒမီဆုဟူသည်က ရုပ်ရှင်လောကသားများအတွက် သာမက ရုပ်ရှင်ကြည့် ပရိ်သတ်အတွက်ပါ ရင်ခုန်စိတ်လှုပ်ရှားရင်း မျှော်ရသောဆု ဖြစ်ပါသည်။

 

အကယ်ဒမီဆုသည် ရုပ်ရှင်အနုပညာ စွမ်းအားမြင့်မားမှု၊ ရုပ်ရှင်နှင့် ဆက်စပ်နေသော နည်းပညာ အတတ်ပညာများ ထက်မြက်ထိရောက်မှုတို့ကို အကဲဖြတ်ကာ ပေးအပ်သောဆုအဖြစ် ပေါ်ပေါက်လာခဲ့ပါသည်။

 

ဤသို့သော ဆုရွေးချယ်ချီးမြှင့်ပေးခြင်း အစီအစဉ်က ရုပ်ရှင်လောကသားတို့အတွက် အထူးဂုဏ်ယူစရာ၊ အားတက်စရာ ဖြစ်လာသည့်အခါ ရုပ်ရှင်လောက ပိုမိုမြင့်မားတိုးတက်စေဖို့ အထောက်အကူကြီး ဖြစ်ခဲ့ပါသည်။ 

 

သို့ရာတွင် ပြည်သူလူထုပေါ် အခြေမခံသော နိုင်ငံရေး ခေတ်ကာလရှည်တစ်ခုကို ဖြတ်သန်းခဲ့ရသည့်အခါ ရုပ်ရှင်အနုပညာသည် ဝါဒဖြန့်ချိရေး လက်နက်အဖြစ်သို့ မသိမသာမှသည် သိသိသာသာ ကူးပြောင်းရောက်ရှိခဲ့ရဖူးသည်။ ထိုအခါ ရုပ်ရှင်အနုပညာ တိုးတက်ဖွံ့ဖြိုးရေးကို အားပေးရမည့်အစား ပေါ်လစီရေးက ကဲလာခဲ့ရာ အနုပညာ တိုးတက်ဖွံ့ဖြိုးရေးမှာလည်း အားနည်းခဲ့ရသည်။ အခြားတစ်ဖက်တွင် အခြေခံ စီးပွားရေးအဆောက်အအုံ မဖွံ့ဖြိုးမှုက ယဉ်ကျေးမှုအနုပညာကို ခံစားနားလည်နိုင်သည့် စွမ်းအားကို ယုတ်လျော့စေခဲ့ပါသည်။

 

ဤဖြစ်စဉ်က နှစ်ရှည်လာသည့်အခါ ရုပ်ရှင်အနုပညာ အရည်အသွေးကျဆင်းမှုနှင့် ရင်ဆိုင်ရပါတော့သည်။

 

ယနေ့ နိုင်ငံရေးစနစ်သစ် ဒီမိုကရေစီအပြောင်းအလဲများ စတင်လာသည့်အခါ မြန်မာ့ရုပ်ရှင်လောကသည်လည်း လှုပ်ရှားပြောင်းလဲလာသည်ကိုတွေ့ရပါသည်။

 

သမားရိုးကျ ရုပ်ရှင်များကြားက တွန်းထွက်ရန် ကြိုးစားလာကြသည်ဟု မြင်ပါသည်။ မြန်မာ့ရုပ်ရှင်လောကကို တစ်ခေတ်ပြောင်းအောင် တော်လှန်ပြောင်းလဲရန် ကြိုးစားလာသည့် ရုပ်ရှင်များ တဖြည်းဖြည်းချင်း အားယူတာစူလာသည်ကို နိုင်ငံရေးအပြောင်းအလဲနှင့်အတူ ယှဉ်တွဲတွေ့ရှိရပါသည်။ အနုပညာ အပြောင်းအလဲသစ်ဟု ဆိုရမည်ထင်ပါ၏။

 

ရုပ်ရှင်အနုပညာ တိုးတက်ပြောင်းလဲမှုသည် မြန်မာ့လူမှု အဖွဲ့အစည်းအတွက် အရေးပါသော အစိတ်အပိုင်းတစ်ရပ် ဖြစ်သည့်အတွက် ဖူးပွင့်စွင့်ကားလာမည့် မျိုးဆက်သစ် အနုပညာသည်တို့ကို အထူးတလည် ကြိုဆိုအားပေးရမည် ဖြစ်ပါသည်။

 

မြန်မာ့ရုပ်ရှင်လောက အဆင့်အတန်း မြင့်သည်ထက်မြင့်ပါစေဟု ဆုမွန်တောင်းလိုက်ရပါသတည်း။ ။
(မြန်မာ့အလင်း)