စစ်ကိုင်း ၂၈ မတ်


ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည့် ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ရေရှည်တည်တံ့စေရေးအတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)မှ  သိရသည်။


အဆိုပါ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများအား အကောင်အထည်ဖော်မှုကို သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်ထိန်းသိမ်းရေးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ထမံသီ ဘေးမဲ့တောနှင့် ဆက်စပ်လျက်ရှိသော ဟုမ္မလင်းမြို့နယ်နှင့် ခန္တီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

1


ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးသော မြေအသုံးချမှု နည်းလမ်းစီမံချက်များ ဖော်ထုတ်ရန်၊ မိရိုးဖလာ နယ်နိမိတ်အတွင်းရှိ သဘာဝသယံဇာတများကို ဒေသနေပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးသော အသုံးချမှု အစီအစဉ်များဖြင့် စီမံအုပ်ချုပ်သွားရန်၊ ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ၊ ဝင်ငွေများ ပိုမိုကောင်းမွန် လာစေရန်အတွက် ရည်ရွယ်၍ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများအား အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ သဘာဝနယ်မြေလေးခုတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲများ အလွန်ပေါများ ကြွယ်ဝခြင်းကြောင့် ယခုကဲ့သို့ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများအား ဒေသခံပြည်သူများနှင့်  ပူးပေါင်းဆောင်ရွက်ခြင်းသည် ဒေသနေ တောရိုင်းတိရစ္ဆာန် မျိုးစိတ်များ၊ ၎င်းတို့၏ နေရင်းဒေသများ၊ ဇီဝမျိုးစုံမျိုးကွဲများအား ရေရှည် စဉ်ဆက်မပြတ် တည်တံ့စေရန် များစွာ အထောက်အပံ့ပြုနိုင်မည်ဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)မှ တာဝန်ရှိသူ ဒေါ်နန်းမျိုးမျိုးသန်းက ပြောသည်။ 

 

သတင်းနှင့် ဓာတ်ပုံ-ပိန်းဇလုပ်သိန်းညွန့်

 

1