ထင်ယောင်ထင်မှားမှ အစပြု၍

၁၃ ဒီဇင်ဘာ

 

ပြည်သူ့ဝန်ထမ်း အမျိုးအစားတစ်ခုခုတွင် ပါဝင်သူ မဟုတ်ဘဲလျက်၊ ထိုပြည်သူ့ဝန်ထမ်း အမျိုးအစားတစ်ခုခုတွင် ပါဝင်သူဖြစ်ကြောင်း သူတစ်ပါးယုံကြည်စေရန် ကြံရွယ်ချက်နှင့်ဖြစ်စေ၊ သူတစ်ပါး ယုံကြည်စေ တန်ရာသည်ကို သိလျက်နှင့်ဖြစ်စေ မည်သူမဆို၊ ထိုပြည်သူ့ဝန်ထမ်း အမျိုးအစားတို့ ဝတ်ဆင်ကိုင်ဆောင်သော အဝတ်တန်ဆာနှင့် သို့တည်းမဟုတ် အမှတ်အသားနှင့် သ္ဌာန်တူသော အဝတ်တန်ဆာကို သို့တည်း မဟုတ် အမှတ်အသားကို ဝတ်ဆင်လျှင် သို့တည်းမဟုတ် ကိုင်ဆောင်လျှင် ထိုသူကို ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရန် ဥပဒေ၌ ပြဋ္ဌာန်းထားပြီးဖြစ်သည်။

 

မကြာသေးမီက နေပြည်တော် လေဆိပ်တွင် ခရီးသည်ထံမှ လက်နက်နှင့် မူးယစ်ဆေးအချို့ ဖမ်းဆီးရမိမှုနှင့် ဆက်စပ်လျက် ဖော်ထုတ်သိမ်းဆည်း ရမိသော သက်သေခံပစ္စည်းများတွင် လက်နက်များ၊ ဆက်သွယ်ရေး ကိရိယာများ၊ မော်တော်ယာဉ်များအပြင် တူညီဝတ်စုံများ၊ အမှတ်တံဆိပ်များလည်း ပါဝင်ခဲ့သည်ကို သတင်းများတွင် တွေ့ရှိခဲ့ကြရပြီး ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ အနှံ့အပြား၌ လူအင်အားသောင်းနှင့် ချီ၍ရှိသည် ဆိုသော သတင်းအဖွဲ့အစည်းဟုဆိုသည့် အဖွဲ့တစ်ခုကလည်း ယူနီဖောင်းနှင့် အသွင်တူသည့် ဝတ်စုံများ ဝတ်ဆင်လှုပ်ရှားကြခြင်းနှင့် ပတ်သက်၍ သတင်းလောကနှင့် လူမှုကွန်ရက်တို့၌ ဝေဖန်မှုများစွာ ပေါ်ပေါက်ခဲ့သည်ကို တွေ့ရသည်။

 

ထို့ပြင်မက သာမန်ပြည်သူများအနေဖြင့် ထင်ယောင်ထင်မှားဖြစ်စေ နိုင်သည့် အလွဲသုံးစားပြု ကိုင်တွယ်သုံးစွဲမှုများကိုလည်း မကြာခဏဆိုသလို တွေ့မြင်နေကြရသည်။ ဥပမာအားဖြင့် ရဲဝန်ထမ်းများသာ ကိုင်တွယ်ခွင့် ရှိသည့် လက်ထိပ်ကို မဆိုင်သူများက ကိုင်တွယ်ကာ မသိနားမလည်သူများကို ခြိမ်းခြောက်ခြင်း၊ တရားမဝင် ဆက်သွယ်ရေးစက် (လမ်းလျှောက် စကားပြောစက်)များကို ခွင့်ပြုချက်မရှိဘဲ သုံးစွဲခြင်း၊ လူနာတင်မော်တော်ယာဉ်၊ မီးသတ်မော်တော်ယာဉ်၊ ရဲတပ်ဖွဲ့သုံး ကင်းလှည့်မော်တော်ယာဉ်တို့တွင် အမျိုးအစားအလိုက် ခွဲခြားသုံးစွဲရသည့် အရေးပေါ် အချက်ပြမီးများနှင့် ဥသြသံတို့ကို တရားမဝင် မှန်ကန်မှုမရှိဘဲ သုံးစွဲနေကြခြင်းတို့ကို အတားအဆီးမရှိသည့်နှယ် ပြုလုပ်နေကြခြင်းပင်ဖြစ်သည်။ ဤနည်းအားဖြင့် လူနာတင်ယာဉ်အသွင်ဆောင်ပြီး သစ်ခိုးထုတ်သည့်ကားများ ဖမ်းမိခဲ့ သည့် သာဓကများကိုပင် တွေ့ရှိခဲ့ရပြီးဖြစ်သည်။

 

အမှန်စင်စစ်အားဖြင့် အထက်တွင် ဖော်ပြခဲ့သည့် တရားမဝင် ကိုင်တွယ်သုံးစွဲမှု အားလုံးတို့မှာ ဥပဒေရှိနေလျက်နှင့် ဥပဒေကိုချိုးဖောက် ဆောင်ရွက်နေကြခြင်းဖြစ်ပြီး ကြာလေလေ အတင့်ရဲလေလေ ဖြစ်လာကြခြင်းပင်ဖြစ်သည်။ သို့တည်းမဟုတ် ဥပဒေသည် အသက်မဝင်တော့ခြင်း သို့မဟုတ် ပြစ်ဒဏ်က အသေးအဖွဲဟု ယူဆလာကြကာ ဂရုမစိုက် လျစ်လျူရှု လာကြခြင်းဖြစ်သည်။ အဖွဲ့အစည်းပုံစံ ယူနီဖောင်း ဝတ်ကြခြင်း၊ ဆက်သွယ်ရေးစက် သုံးစွဲကြခြင်း၊ အမှတ်တံဆိပ်လိုဂိုများ တပ်ဆင်ခြင်း၊ အချက်ပြမီးများ သုံးစွဲခြင်းတို့မှာ သာမန်အားဖြင့် ကြီးလေးသည့် ရာဇဝတ်မှုကြီးများ မဟုတ်ဟု ဆိုနိုင်သော်လည်း အနိမ့်ဆုံးအားဖြင့် ပြည်သူကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပြီး စည်းမဲ့ကမ်းမဲ့ လူ့အဖွဲ့အစည်းတစ်ခု သဖွယ် မြင်လာစေသည်။ ရောင်တော်ပြန်နှင့် ရောလွှတ်ကာ ပုံမှားရိုက်ခြင်းဖြင့် မျှော်လင့်မထားနိုင်သော အမှုအခင်းများပင် ဖြစ်ပေါ်လာနိုင်ရာ အမှိုက်ကစ ပြာသာဒ်မီးလောင်သည့် အဆင့်သို့ ရောက်မလာအောင် ဥပဒေနှင့်အညီ ရှင်းလင်းတားဆီးမှုတို့ ပြုဖို့လိုမည်ဟု ရှုမြင်ရပါကြောင်း။