ငါ့သရောက်  ၂၁ ဧပြီ

 

မန္တလေးတိုင်းဒေသကြီး ငါ့သရောက်မြို့နယ်အတွင်း ထန်းတက်လုပ်ငန်း လုပ်ကိုင်ကြသည့် ထန်းတောင်သူများ ထန်းလျက်ဈေးနှုန်း ကျဆင်းနေသောကြောင့် ထန်းတက်လုပ်ငန်းလုပ်ကိုင်ရတာ အဆင်မပြေ ဖြစ်နေကြကြောင်း ငါ့သရောက်မြို့နယ် တမာခါးကျေးရွာမှ ထန်းတောင်သူ ဦးအောင်စိုးက ပြောသည်။

 

2+

 

ငါ့သရောက်မြို့နယ်ရှိ ထန်းတောင်သူများသည် တပိုတွဲလ၊ တပေါင်းလများတွင် ပေါ်ဦးပေါ်ဖျား ထန်းလျက်ဈေး တစ်ပိဿာလျှင် ငွေကျပ် ၁၅၀ဝ ရရှိခဲ့သော်လည်း တန်ခူးလတွင် တစ်ပိဿာ ၁၀ဝ၀ ကျပ်သာ ရောင်းချနေရခြင်းကြောင့် ထန်းတက်တောင်သူများ တွက်ခြေမကိုက် ဖြစ်နေကြောင်း သိရသည်။

 

3+

 

“ထန်းတက်လုပ်ငန်းသည် အဆင့်ဆင့် ပြုလုပ်ရသော လုပ်ငန်းဖြစ်ကာ ထန်းဆွဲမြူအိုးကောက်၊ ထန်းရေချိုထမ်း၊ ထန်းဆွဲမြူအိုးများ ရေဆေးမီးအုံ၊ ထန်းလျက်ချက်၊ ထန်းလျက်ချက်ဖို့ထင်းရှာ၊ ထန်းလျက်ဖို လုပ်ရသောကြောင့် အိမ်ရှိလူကုန်ပင်ပန်းသော လုပ်ငန်းဖြစ်ကာ ထန်းတက်ရာသီ စတင်ပြီဆိုတာနဲ့ ယင်းထောင်(လှေကား)၊ ယင်းဆွဲ၊ ထန်းပြင်လုပ်ငန်းများ လုပ်ကိုင်လာခဲ့ရာ နားရတဲ့ရက်မရှိကြောင်း” ကန်မောက်ကြီးတဲတိုက်မှ ထန်းတောင်သူ ဦးလှမြင့်က ပြောသည်။

 

4+

 

ထန်းသမားတစ်ယောက် ထန်းပင်သုံးဆယ် ထန်းလှီးလျှင် တစ်နေ့ အကြိမ် (၆၀)တက်ရပြီး ရာသီဥတုပူခြင်း၊ ထန်းနို့များတွင် ပျားအုပ်ဆွဲခြင်း၊ ထန်းရေအထွက် နည်းပါးခြင်းများ ဖြစ်ပေါ်လျက်ရှိခြင်း၊ ထန်းလျက်ဈေးနှုန်း ကျဆင်းနေသောကြောင့် ငါ့သရောက်မြို့နယ်မှ ထန်းတောင်သူများ တွက်ခြေမကိုက် ဖြစ်နေကြောင်း တမာခါးကျေးရွာ ဦးအောင်စိုးက ပြောသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)