ထန်တလန် ၁၂ ဇန်နဝါရီ

 

ချင်းပြည်နယ် ဟားခါးခရိုင် ထန်တလန်မြို့တွင် ယနေ့နံနက် ၂ နာရီက အမှတ်(၁)ရပ်ကွက် (ကျောင်းရပ်ကွက်) တင်းနစ်ပတ်ကွင်းလမ်းရှိ လူနေအိမ်သုံးလုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်စဉ်မှာ အမှတ်(၁)ရပ်ကွက် (ကျောင်းရပ်ကွက်) တင်းနစ်ကွင်းပတ်လမ်းနေ ဦးချွန်လျန် (၉၀)နှစ်၏ နေအိမ်မီးကြွင်းမီးကျန်မှ မီးစတင်လောင်ကျွမ်းခဲ့ရာ ဦးရွှေပဲန်း၏ နေအိမ်နှင့် ဦးငွန်ဘွဲ၏နေအိမ်တို့အား ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းသည့် နေအိမ်ပိုင်ရှင် ဦးချွန်လျန်နှင့် ၎င်း၏မြေးဖြစ်သူ မောင်ကျုံးဟူးလျန် (၁၀)နှစ် စတုတ္ထတန်းကျောင်းသားတို့ သေဆုံးပြီး ဒေါ်ဇိန်လှဲန်း (၅၂)နှစ်နှင့် ဒေါ်ဖမ်မွေဘောရ် (၂၈)နှစ်တို့မှာ မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ) အနည်းငယ်ရရှိခဲ့ကာ ထရန်စဖော်မာ (၂၀ဝ)KVA (၁)လုံးနှင့် Panel Box (၁)လုံး ဆုံးရှုံးခဲ့ကြောင်း မြို့နယ်ထွေ/အုပ်ရုံးမှ သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီးငြှိမ်းသတ်ယာဉ် (၃)စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ နံနက် ၂ နာရီ မိနစ် ၂၀ ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ၂ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့သည်။

 

အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မီးစတင်လောင်းကျွမ်းသည့် နေအိမ်ပိုင်ရှင် ဦးချွန်လျန်အား ထန်တလန်မြို့မရဲစခန်းမှ  အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)