ထန်းတပင်(ရန်ကုန်) ၁၉ သြဂုတ်

ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည် ထိန်းသိမ်းရန်၊ ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်း မျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်နှင့် ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရန် ရည်ရွယ်၍ သြဂုတ် ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ် (၄)ရပ်ကွက်၊ ကျွန်းငူကမ်းနားရှိ  သဘာဝရေပြင်(လှိုင်မြစ်)အတွင်းသို့ ငါးသားပေါက်အကောင်ရေ ၈၈၀,၀၀၀ ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုများဖြင့် ငါးမျိုးစိုက်ထည့်ခြင်းကို ဆောင်ရွက်လျက်ရှိပြီး သဘာဝရေပြင်(လှိုင်မြစ်)အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကိုလည်း တိုင်းဒေသကြီး၊ ခရိုင်တာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ရှိသူများပူးပေါင်းကာ လှော်ကားငါးလုပ်ငန်းစခန်းနှင့် လေးဒေါင့်ကန်ငါးလုပ်ငန်းစခန်းမှ ငါးသားပေါက်အကောင်ရေ ၈၈၀,၀၀၀ ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြခြင်းဖြစ်သည်။

ငါးမျိုးစိုက်ထည့်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးဌာနမှူး၊ ခရိုင်ဦးစီးဌာနမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ လှော်ကားငါးလုပ်ငန်းစခန်းနှင့် လေးဒေါင့်ကန်ငါးလုပ်ငန်းစခန်းမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများက (လှိုင်မြစ်)သဘာဝရေပြင်အတွင်းသို့ ငါးမြစ်ချင်းငါးသားပေါက် အကောင်ရေ ၈၈ဝဝဝဝ ကို ငါးမျိုးစိုက်ထည့်ပေးခဲ့သည်။

ဇင်မင်းထိုက်(ထန်းတပင်)