ထူးခြားမိုးလေဝသအခြေအနေသတင်း

နေပြည်တော် ၄ ဇန်နဝါရီ

(၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်၊ မြန်မာစံတော်ချိန် ည ၇ နာရီထုတ်ပြန်ချက်)

ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ်(၀၆/၂၀၁၉)

"ယနေ့မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ တိုင်းထွာချက်များအရ ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း"ပါဘက်" (Pabuk)သည် ထိုင်းနိုင်ငံ၊ ချောင့်ကလန့်မြို့ (Chang Klang) အနီးမှ ဆက်လက်ဖြတ်ကျော်လျှက်ရှိပါသည်။"

နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ အပူပိုင်းမုန်တိုင်း"ပါဘက်"(Pabuk)သည် အနောက်ဘက်သို့ ဆက်လက်ရွေ့ လျားပြီး၊ ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

(က) အဆိုပါ အပူပိုင်းမုန်တိုင်း"ပါဘက်"(Pabuk)၏ အရှိန်ကြောင့် ယနေ့ညမှ နောက် (၇၂)နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာ ကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

(ခ) မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်

အဆိုပါ အပူပိုင်းမုန်တိုင်း"ပါဘက်"(Pabuk)၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ် ခြင်းနှင့် အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါသဖြင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ် များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရှောင်ရှားကြပါရန် အကြံပြုအပ်ပါသည်။

MDN