နေပြည်တော် ၃၁ အောက်တိုဘာ
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်၊ မြန်မာစံတော်ချိန် ၇ နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ ကမ္ဘောဒီးယားနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသော ကုန်းတွင်းမုန်တိုင်းငယ်(Land Depression) သည် ထိုင်းနိုင်ငံ၊ စီစကက်မြို့(Sisaket)၏ အရှေ့တောင်ဘက် မိုင်(၈၀)ခန့်အကွာတွင် ဗဟိုပြုနေသည်။ အဆိုပါကုန်းတွင်း မုန်တိုင်းငယ်သည် လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်း အားလျော့သွားပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျား မည်ဟု ခန့်မှန်းရသည်။
အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)၏ အရှိန်ကြောင့် ယနေ့ညမှ နောက် (၄၈)နာရီအတွင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ ကျဲကျဲမှနေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်နိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်သည်။
MDN


