တာချီလိတ် ၁ ဧပြီ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းမှု များပြားလာသဖြင့် ပြည်သူများ နားနေနိုင်ရန်အတွက် ရှမ်းရိုးမကွင်း၌ မီးခိုးငွေ့ကင်းစင် နယ်မြေတစ်ခုကို မတ် ၃၁ ရက်ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း တာချီလိတ်ခရိုင် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးကော်မတီမှ သိရသည်။

 

"ခရိုင်သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးကော်မတီနှင့် လွှတ်တော်ကိုယ်စားများနဲ့ အစည်းအဝေးထိုင်ကြတယ်ပေါ့၊ ကျွန်တော်တို့ခရိုင်အဆင့်အနေနဲ့ ဘာ လုပ်ပေးနိုင်သလဲ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ဘာတွေအကူအညီတောင်းနိုင်မလဲ၊ ပြည်ထောင်စုအဆင့်နဲ့လည်း ဘာတွေ အကူအညီတောင်းနိုင်မလဲစသည်ဖြင့်ဆွေးနွေးခဲ့ကြပါတယ်၊ ဒီမှာဖြစ်နေတဲ့ အခြေအနေကိုလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို အချိန်နဲ့တစ်ပြေးညီ တင်ပြပါတယ်၊ လက်ရှိဆွေးနွေးတဲ့ အနေအထားအရတော့ ပထမအဆင့် အနေဖြင့် မျက်နှာဖုံး(MASK)တွေ ဝေတာတို့၊ ကျန်းမာရေးအသိပညာဆိုင်ရာ ကြေညာချက်ထုတ်ပြန်တာတို့ ရေဖျန်းတာတို့စတဲ့ အလုပ်တွေကို ဆက်လုပ်နေပါတယ်၊ လေထုအညွှန်းကိန်းက တောက်လျှောက်မြင့်နေတဲ့အတွက် မီးခိုးငွေနဲ့ ပတ်သက်တဲ့ ပြည်သူလူထုတွေ သိရှိထားဖို့နဲ့ လိုက်နာရမယ့်အသေးစိတ်ကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီးတော့ အချက်(၈)ချက် ပါဝင်သော ကြေညာချက်ကို ထုတ်ပြန် အသိပေးနှိုးဆော်ခဲ့ပါတယ်၊ ဒုတိယလုပ်မယ့်အချက်ကတော့ မြို့ထဲ့မှာ သွာလာရင်း မီးခိုးကြောင့် မျက်စိစပ်၊ အသက်ရှု ခက်ခဲလာရင် နားနေဖို့အတွက် ဆောင်ရွက်ခဲ့ပါတယ်"ဟု  တာချီလိတ်ခရိုင်သဘာဝဘေး အန္တရာယ်တားဆီးကာကွယ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က ပြောသည်။

 

အဆိုပါ မီးခိုးငွေ့ ကင်းစင်နယ်မြေကို မိုးကာတဲ သုံးတဲဖြင့်ဆောက်လုပ်ကာ ရေမှုန် ရေမွှားများကို ပက်ဖျန်းပေးမည့် ရေခေါင်း ခြောက်ခု တပ်ဆင် ပေးထားသည့် ရေပိုက်များဖြင့် ရေများကို ၂၄ နာရီ ပက်ဖျန်းပေးနေမည်ဖြစ်ကာ လေထုညစ်ညမ်းမှုဒဏ်မှ ပြည်သူများအတွက် သက်သာမှုရရှိစေပြီး နားနေနိုင်ရန် မီးခိုးငွေ့ကင်းစင် နယ်မြေ တစ်ခုကို ရှမ်းရိုးမကွင်းအတွင်း၌ တည်ထောင်ထားရှိပြီး မည်သူမဆို လာရောက် နားနေနိုင်ကြောင်း သိရသည်။

 

"အခြား အန္တရာယ်ရှိ ဓာတ်ငွေ့တွေဖြစ်တဲ့ ဆာလ်ဖာဒိုင်အောက်ဆိုဒ် ပါဝင်မှုဟာ သင့်တင့်အခြေအနေမှာရှိပြီး ကာဗွန်မိုနောက်ဆိုဒ်နဲ့ နိုင်ထရိုဂျင်ဒိုင် အောက်ဆိုဒ် ပါဝင်မှုဟာ ကောင်းမွန်တဲ့ အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်၊ တာချီလိတ်မြို့ရဲ့ လေထုအရည်အသွေးအညွှန်းကိန်းဟာ မတ်လ ၃၁ ရက်မှာ ၅၀၂ မှာ ရှိရာကနေ ဧပြီလ ၁ ရက်မှာ ၃၅၀ ကို ပြန်လည်ကျဆင်းလာတာဖြစ်ပါတယ်။ ဒါပေမယ့် အညွှန်းကိန်း ၃၀ဝ နဲ့ ၅၀ဝ ကြားဟာ အန္တရာယ်ရှိအဆင့်အဖြစ် သတ်မှတ်ထားတာကြောင့် အန္တရာယ် ရှိအဆင့်မှာပဲ ဆက်လက်တည်ရှိနေတာ ဖြစ်တယ်"ဟု တာချီလိတ်ခရိုင်ကျန်းမာရေးဌာနမှ ဒေါက်တာ ဟန်လင်းစိုး က ပြောသည်။

 

လေထုအရည်အသွေးကျဆင်းလာတာကြောင့် တာချီလိတ်ခရိုင် သဘာဝဘေးအန္တရာယ် ကာကွယ် တားဆီးရေး ကော်မတီအနေနဲ့ တာချီလိတ်မြို့က ရှမ်းရိုးမကွင်း တွင်  နားနေဖို့နေရာများ စီစဉ်ထားကြောင်း၊ မတ်လ ၃၀ ရက်နှင့် ၃၁ ရက်နေ့များတွင် တာချီလိတ်မြို့၏ လေထုထဲမှာ မီးခိုးပါဝင်မှု သိသိ သာသာများပြားနေပြီး ယနေ့ နံနက်ပိုင်းတွင် လျော့နည်းလာကြောင်း သိရသည်။

 

မြင့်မိုရ်(တာချီလိတ်)