တာချီလိတ် ၂၇ မတ်
တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်လျက်ရှိရာ လေထုအရည်အသွေး အညွှန်းကိန်းတိုင်းတာမှုအရ ယနေ့ နံနက် ၁၀ နာရီတွင် အညွှန်းကိန်းအဆင့် ၁၀၅ သို့ ရောက်ရှိလာပြီး သင့်တင့်ကောင်းမွန်သည့် လေထုအရည်အသွေးအဆင့်ကို ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။
“အညွှန်းကိန်း ၁၀ဝ အောက်ဆိုရင် ကျန်းမာရေးအတွက် သင့်တင့်လျောက်ပတ်တဲ့ အခြေအနေ ဖြစ်ပါတယ်။ အခုက ၁၀၅ ဆိုတော့ ကျန်မာရေးချို့တဲ့သူတွေအတွက် မသင့်လျော်သေးသည့် အခြေအနေလို့ သတ်မှတ်ထားတဲ့ အနေအထားမှာ ရှိပါသေးတယ်။ ဒါပေမယ့် ယခင်ရက်ပိုင်းအတွင်းက ရောက်ခဲ့တဲ့ အဆင့် ၂၀ဝ ကျော်၊ ၃၀ဝ ကျော်နဲ့ နှိုင်းယဉ်ပါက အများကြီး ပြန်ကောင်းလာတယ်လို့ ပြောလို့ရပါတယ်” ဟု လေထုအရည်အသွေး တိုင်းတာပေးနေသည့် ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးကျော်၏ ပြောသည်။
လေထုအရည်အသွေး တိုင်းတာခြင်းကို ဒုတိယအကြိမ်အဖြစ် မတ်လ ၂၆ ရက် နံနက်က စတင်၍ အချိန် ၂၄ နာရီကြာ ပြန်လည်တိုင်းတာခဲ့ခြင်းဖြစ်ရာ ယနေ့တွင် တတိယအကြိမ်မြောက်အဖြစ် တိုင်းတာခဲ့ခြင်းဖြစ်ပြီး ကာဗွန်မိုနောက်ဆိုဒ်နှင့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ပါဝင်မှုမှာ အနည်းငယ်ရှိပြီး အောက်ဆီဂျင် ပါဝင်မှု မြင့်မားကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ လေထုအရည်းအသွေး အညွှန်းကိန်းတိုင်းတာမှုရလဒ်များအား ခရိုင်စီမံခန့်ခွဲမှုကော်မတီက အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပေးခြင်း၊ နှာခေါင်းစည်းများ ဖြန့်ဝေခြင်း၊ မီးသတ်ဦးစီးဌာနနှင့် အရန်မီးသတ်တပ်ဖွဲ့၊ လူမှုအဖွဲ့အသင်းများက မီးသတ်ကားများဖြင့် တစ်နေ့လျှင် သုံးကြိမ် လေထုထဲကို ရေမှုန်ဖျန်းပက်ပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဖြိုးလေး(ပြန်/ဆက်)


