တာချီလိတ် ၃၀ ဇန်နဝါရီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ပါအန်ကျေးရွာတွင် ဇန်နဝါရီ ၂၉ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် မီးဖိုမီးမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွား၍ နေအိမ်နှစ်လုံး ဆုံးရှုံးသွားပြီး နေအိမ်ပိုင်ရှင် အမျိုးသမီးသေဆုံးကာ အမျိုးသားမှာ မီးလောင်ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။
ပါအန်ကျေးရွာတွင် အသက် (၆၀) အရွယ်များဖြစ်သည့် ဦးယာကော်နှင့် ဒေါ်မိအော့တို့သည် နေအိမ်မီးဖိုခန်းအတွင်း ထင်းမီးဖြင့် ရေနွေးအိုးတည်ထားခဲ့ပြီး အိမ်နီးချင်းထံ သွားရောက်နေစဉ် နေအိမ်ဝါးထရံမှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်နေသည့် နေအိမ်အတွင်းမှ ပစ္စည်းများကို သုံးဘီးပေါ်တင်၍ ထုတ်ယူရန်ကြိုးစားစဉ် ဒေါ်မိကော့မှာ လဲကျသွားခဲ့ပြီး မီးလောင်သေဆုံးသွားခဲ့ကာ ခင်ပွန်းဖြစ်သူ ဦးယာကော့မှာ မီးလောင်ဒဏ်ရာများ ရသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင် သေဆုံးသွားသူနှင့် ဒဏ်ရာရသူတို့အား တာချီလိတ်နာရေးကူညီမှုအသင်းက ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
မီးလောင်ရာနေရာသို့ တာချီလိတ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၃) စီး၊ တာလေမီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၃၀) တို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုကြောင့် နေအိမ် (၂) လုံးနှင့် သုံးဘီးဆိုင်ကယ် (၁) စီး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ သားဖြစ်သူ ဦးဝီလျံကို တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)


