တာချီလိတ် ၁၈ ဧပြီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အသစ်ပြန်လည်တည်ဆောက်လျက်ရှိသည့် တိုင်းရင်းသားပေါင်းစုံ မြို့မသုသာန် မီးသဂြိုဟ်စက်ကြီး၌ အသုံးပြုမည့် ဇရပ်တန်ဆောင်ကြီး ဆောက်လုပ်ရန် ငွေကျပ်သိန်း တစ်ထောင်နှင့် မော်တော်ယာဉ်တစ်စီး လှူဒါန်းပွဲကို ဧပြီ ၁၇ ရက်၊ နံနက်က မဟာမြတ်မုနိကျောင်းတိုက်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ယင်းသို့ လှူဒါန်းရာတွင် တာချီလိတ်မြို့၊ မဟာမြတ်မုနိကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမ ဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒ န္တ ပညာသာမိ ၏ သက်တော် (၈၅)နှစ်၊ ဝါတော် (၆၅)ဝါပြည့် ဝိဇာတမွေးနေ့မင်္ဂလာပွဲ အထိမ်းအမှတ်အဖြစ် ပြည်သူ့နတ်နန်း (အဘကိုးမြို့ရှင်ပင်မဗိမာန်တော်ကြီး)၏ ခုနှစ်ရက်သားသမီးများ လှူဒါန်းထားသည့် ထီးကြေး၊ နန်းကြေးများမှ မဟာမြတ်မုနိ ကျောင်းတိုက်ဆရာတော်ကြီးအား ငွေကျပ်သိန်း ၅၀၊ မြို့မ သုသာန်အတွက် ငွေကျပ်သိန်း တစ်ထောင်နှင့် မော်တော်ယာဉ်တစ်စီးအား ပြည်သူ့နတ်နန်း၏ နာယကများ ကိုယ်စား အမှုဆောင် ဦးတင်လှိုင်(အဆွေတော်)နှင့် ဦးဇော်မြင့်(ဖြိုးမီနီမတ်)တို့က ပေးအပ်လှူဒါန်းရာ မြို့မသုသာန် အသစ် ပြန်လည် တည်ဆောက်ရေးကော်မတီ နာယက ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ကော်မတီ ဥက္ကဋ္ဌ ဒုတိယရဲမှူး စံသိန်းနှင့် တာဝန်ရှိသူများက လက်ခံယူသည်။
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။
ဝေယံလင်း(ပြန်/ဆက်)


