တာချီလိတ် မတ် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းမှုများဖြစ်ပေါ်လျက်ရှိရာ တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ လူစည်ကားရာ ဗိုလ်ချုပ်လမ်းမကြီး၊ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ်(၁)နှင့် တံတားအမှတ်(၂)တို့တွင် မီးသတ်ကားများဖြင့် ရေဖျန်းခြင်း၊ မဖြစ်မနေ Mask များတပ်ဆင်ရန် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

တာချီလိတ်မြို့တွင် လေထုညစ်ညမ်းမှုနှင့်ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များ၏ တိုင်းတာချက်အရ မတ် ၂၄ ရက် နံနက် ၇ နာရီမှ မတ် ၂၅ ရက် နံနက် ၇ နာရီအထိ  ၂၄ နာရီကြာ တိုင်းတာရရှိသည့် တာချီလိတ်မြို့၏ ဝန်းကျင်လေထုအရည်အသွေးမှာ လေထုညစ်ညမ်းမှုအညွှန်းကိန်း ၃၅၉ ရှိကြောင်း၊ လေထုထဲတွင် လူကိုအန္တရာယ်ဖြစ်စေတတ်သော ကာဗွန်မိုနောက်ဆိုဒ်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်နှင့် ဆာလဖာဒိုင်အောက်ဆိုက် အနည်းငယ်ပါဝင်သော်လည်း စိုးရိမ်ထိန့်လန့်စရာမလိုကြောင်းနှင့် အောက်စီဂျင်ပါဝင်မှုနှုန်းမြင့်မားလျက်ရှိကြောင်းသိရသည်။

သို့ဖြစ်၍ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ အနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့  ထွက်ခြင်းမပြုရန်၊  မဖြစ်မနေအပြင်ထွက်ရန်လိုအပ်ပါက နှာခေါင်းစည်း Mask များတပ်ဆင်ကြရန်နှင့် မျက်စိစပ်ခြင်းများ ဖြစ်ပေါ်လာပါက လက်ဖြင့်ပွတ်ခြင်းများမပြုလုပ်ဘဲ သန့်စင်သော ရေစိုဝတ်သုတ်ခြင်း၊ သန့်ရှင်းသောရေဖြင့် ဆေးကြောခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများခံစားလာရပါက နီးစပ်ရာဆေးရုံ၊ ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက်ကြရန် အကြံပြုအသိပေးနိူးဆော်ထားသည်။

အေးအေးလတ်(ပြန်/ဆက်)