တာချီလိတ် ၉ ဖေဖော်ဝါရီ


ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ထိုင်းနိုင်ငံသား  အများစုပါဝင်သည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ အဆက်မပြတ် ဝင်ရောက်လည်ပတ်လျက်ရှိရာ ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ နေ့ချင်းပြန်၊ ညအိပ်ခရီးစဉ်နှင့် ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့် (ဗီဇာကင်းလွတ်ခွင့်ရ) နိုင်ငံသားများအပါအဝင် စုစုပေါင်း ၂၃၆၃၆ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန တာချီလိတ်ရုံးခွဲမှ သိရသည်။ 


တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဝင်ရောက်လျက်ရှိရာ တာချီလိတ်နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ်တွင် ထိုင်းနိုင်ငံသား ၂၁၇၀၇ ဦး၊ တတိယနိုင်ငံသား (နိုင်ငံခြားသား) ၁၈၇ ဦး၊ မိုင်းဖြတ်မြို့နှင့် ကျိုင်းတုံမြို့ခရီးစဉ်သို့ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၂၁၄ ဦး၊ ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့် (ဗီဇာကင်းလွတ်ခွင့်ရ) နိုင်ငံသားအပါအဝင် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည် ၁၅၂၈ ဦးတို့ ဝင်ရောက်လည်ပတ်ခဲ့သည်။ 

 

123


အဆိုပါ ခရီးသွားဧည့်သည်များသည် နေ့ချင်းပြန်ခရီးစဉ်တွင် တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက်၊ ရွှေတိဂုံစေတီတော်၊ မြို့နယ်ဓမ္မာရုံနှင့် နဂါးနှစ်ကောင်ကျောင်းတိုက်၊ ညအိပ်ခရီးစဉ်အဖြစ်   မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ သမိုင်းဝင်ဆုတောင်းပြည့်  စွန်တောင်းစေတီ၊ ကျိုင်းတုံမြို့အဝင် ပန်ကွဲတောင်ရှိ ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရား၊ ရပ်တော်မူဘုရား၊ သစ်တစ်ပင်တောင်၊ နောင်တုံကန်၊ ရေတံခွန်နှင့် တိုင်းရင်းသားကျေးရွာများအပြင် ပြည်တွင်းပိုင်း ခရီးစဉ်အဖြစ် တာချီလိတ်မြို့မှ လေယာဉ်ခရီးစဉ် တိုက်ရိုက်ပျံသန်းသည့် ဟဲဟိုး၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုးမြို့များမှတစ်ဆင့် အထင်ကရနေရာဒေသများသို့ သွားရောက်လည်ပတ်၍ ဘုရားဖူးခြင်း၊ ရေမြေတောတောင် သဘာဝအလှ ရှုခင်းများနှင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဗဟုသုတအဖြစ် ကြည့်ရှုလေ့လာရန် ဝင်ရောက်လာခြင်းဖြစ်သည်။


တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၁၈ ခုနှစ်၊ ဧပြီ ၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား နေ့ချင်းပြန်ခရီးသည် စုစုပေါင်း ၈၈၄၉၆၆ ဦး၊  မိုင်းဖြတ်နှင့်  ကျိုင်းတုံခရီးစဉ်အဖြစ် ခရီးသည် ၁၁၁၂၅ ဦး၊ တာချီလိတ်မြို့မှ ဗီဇာဖြင့် ပြည်တွင်းပိုင်းခရီးစဉ်သို့ ၂၄၅၈၀ ဦး စုစုပေါင်း ၉၂၀၆၇၁ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

                                    
ဖြိုးလေး(တာချီလိတ်)      

 

123