ဝါရှင်တန်  ၂၅  ဖေဖော်ဝါရီ

တာလီဘန်များဘက်မှ အကြမ်းဖက်တိုက်ခိုက်မှုများ လျှော့ချရေး သဘောတူညီမှုကို လိုက်နာရန်ပျက် ကွက်ပါက တာလီဘန်များနှင့်ငြိမ်းချမ်းရေးစာချုပ်တွင် အမေရိကန် က လက်မှတ်ရေးထိုးမည်မဟုတ်ဟု အမေရိကန် သမ္မတထရမ့်၏ အမျိုးသား လုံခြုံရေးအကြံပေးဖြစ်သူရောဘတ်အို ဘရိုင်က ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

စီဘီအက်စ် သတင်းဌာနနှင့် အင်တာဗျူးစဉ် ထိုသို့ပြောကြားခဲ့ ခြင်းဖြစ်သည်။

တာလီဘန်များဘက်က လိုက်နာရန် ပျက်ကွက်ပါက အာဖဂန်နစ္စတန်ရှိ ၎င်းတို့၏ မိတ်ဖက်များနှင့် အမေရိကန်၏ အကျိုးစီးပွားအတွက် အမေရိကန်တပ်ဖွဲ့ဝင်များကို လျှော့ပေးမည်မဟုတ်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

တာလီဘန်များသည် တိုက်ခိုက်မှုများ ပြုလုပ်နေရသည်မှာ မောပန်းနေပြီဖြစ်ကြောင်း အမေရိကန်နှင့် တာလီဘန်တို့ ငြိမ်းချမ်းရေးစာချုပ် ပြုလုပ်ရမည်ဟု အမေရိကန်သမ္မတ ထရမ့်က ၎င်း၏ အိန္ဒိယခရီးစဉ် မစတင်မီ ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၂ရက်မှ စတင်ကာ တစ်ပတ်ကြာ အကြမ်းဖက် တိုက်ခိုက်မှုလျှော့ချရေး အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့ပြီး ယင်းအစီအစဉ်သည် တာလီဘန် တိုက်ခိုက်ရေးသမားများအပေါ် တာလီဘန် ခေါင်းဆောင်များ၏ ခေါင်းဆောင်မှုစွမ်းရည်ကို စမ်းသပ်သည့် ပွဲလည်း ဖြစ်သည်။

အာဖဂန်စစ်ပွဲကို အပြီးသတ်နိုင်ရေး အရေးပါသည့် ငြိမ်းချမ်းရေးစာချုပ်တွင် လက်မှတ်ရေးထိုးခြင်း မပြုမီ ယခုလို လုပ်ဆောင်မှုပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။ ။

နိုင်ငံတစ်လွှားတွင် လုံခြုံရေးဆိုင်ရာ ကိစ္စကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ခြင်းမရှိဟု လုံခြုံရေးအရာရှိများက ပြောသည်။ ကန်ဒဟာပြည်နယ်တွင် ဖေဖော်ဝါရီ ၂၃ ရက်က လုံခြုံရေးယာဉ်တန်း တိုက်ခိုက်ခံရမှုသာ ပေါ်ပေါက်ခဲ့သည်။

သို့သော် သေဆုံးသူမရှိခဲ့သလို မည်သည့်အုပ်စု၏ လက်ချက်မှန်းလည်း မသိရသေးပေ။ တစ်ပတ်ကြာ အကြမ်းဖက်တိုက်ခိုက်မှု လျှော့ချရေးအစီအစဉ် အောင်မြင်ခဲ့ပါက တာလီဘန်တို့နှင့် အမေရိကန်တို့သည် ဖေဖော်ဝါရီ ၂၉ ရက်တွင် ငြိမ်းချမ်းရေးစာချုပ်၌ လက်မှတ်ရေးထိုးမည် ဖြစ်သည်။

ဆင်ဟွာ