၁၃ ဒီဇင်ဘာ

 

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် အနောက်ဘက်ရှိ အခြေစိုက်စခန်းတစ်ခုမှ မြေပြင်ပစ် တာလတ်ပစ်ဒုံးကျည် တစ်စင်း စမ်းသပ် ပစ်လွှတ်ခဲ့သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန က ဆိုသည်။

 

ပင်တဂွန်စစ်ဌာန က ယင်းထုတ်ပြန်ချက် ကို ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

ဤ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုသည် အမေရိကန်၏ ဒုတိယအကြိမ်မြောက် စမ်းသပ် ပစ်လွှတ်မှု ဖြစ်သည်။ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု တစ်ခုကို ဩဂုတ်လ က ပြုလုပ်ခဲ့သည်။

 

တာလတ်ပစ်နျူကလီးယားဒုံးကျည်ဆိုင်ရာ သဘောတူစာချုပ် (INF) သည် ဩဂုတ်လအစောပိုင်းတွင် သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ထိုကဲ့သို့ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

 

အမေရိကန် နှင့် ရုရှား နိုင်ငံတို့အကြား နျူကလီးယား လက်နက်ထိန်းချုပ်ရေး စာချုပ်သည် ယင်းကဲ့သို့ ဒုံးကျည်များ တီထွင်မှုကို တားမြစ်ထားသည်။

 

သို့သော်လည်း တရုတ် နှင့် ရုရှား နိုင်ငံတို့ကို တန်ပြန်ရန် သဘောတူစာချုပ် (INF) သက်တမ်း ကုန်ဆုံးပြီးနောက် တာလတ်ပစ် ဒုံးကျည်များ တီထွင်မှုကို စတင်လုပ်ဆောင်တော့မည် ဖြစ်ကြောင်း ထိုကာကွယ်ရေးဝန်ကြီးဌာက ပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို