တစ်ခါတုန်းက တက္ကသိုလ်မှာ

 

နွမ်ဂျာသိုင်း

၈-၃-၂၀၂၄ ရက်မှအဆက်

တက္ကသိုလ်ရောက်၍သာ တက္ကသိုလ်ကျောင်းသား တက္ကသိုလ်ကျောင်းသူများ ဖြစ်လာရပေမယ့်   ကျွန်တော်တို့မှာ တက္ကသိုလ်၏သဘာဝကို ဘာမှသိကြသည်မဟုတ်သေး။

အထက်တန်းကျောင်းကလိုပင် ဆရာဝင်မလာမီ အတန်းထဲတွင်ထိုင်၍ တောင်ပြော မြောက်ပြော လုပ်နေကြသည်။ အနီးအနားလူများနှင့် စကားရှာ၍ မိတ်ဆွေဖွဲ့ကြ၊ မျက်မှန်းတန်းမိသူများ၊ သိပြီးသူများနှင့်ဆိုလည်း အတွေ့အကြုံသစ်များ ဖလှယ်ကြ၊ ရှေးဖြစ်ဟောင်းများပြောကြနှင့် ထင်ရာလုပ်နေကြ၏။ တချို့ကလည်း တောင်တွေးမြောက်တွေးနှင့်။

ထိုစဉ် အတန်းထဲသို့ ဆရာဗြုန်းခနဲ ဝင်လာလိုက်သောအခါ ငယ်ကျင့်အတိုင်း ကမန်းကတန်း ထရပ်ကြသည်။ တချို့က မင်္ဂလာပါဆရာဆိုသော စကားပင် တစ်ဝက်တစ်ပျက် ဆိုပြီးနေကြပြီ။

တက္ကသိုလ်မှာကသည်ထုံးစံ မရှိ။ ထို့ကြောင့် အကြောင်းသိများ၊ နှစ်ကျများနှင့် အခန်းအပြင်ဘက်မှနေ၍ ကျောင်းသူသစ်များကို မျက်စိအားဆေးကျွေးနေကြသည့် ကိုယ်တော်ကြီး၊ ကိုယ်တော်လတ်တို့က ဝိုင်းဟားသည်။ သည်အဖြစ်သည် ကျောင်းစတက်ပြီး သုံး၊ လေးရက်ရှိသည်အထိ မပျောက်သေး။ တစ်ခါမဟုတ် တစ်ခါတော့ ဖြစ်နေသေးသည်။

နောက်ပိုင်း ဟားသူများထဲတွင် စောစောပိုင်း ရှက်ပြီးသားသူများလည်းပါ၏။ ငယ်ကျင့်ဆိုသည်မှာ ပျောက်နိုင်ခဲပါသည်။ သူငယ်တန်းမှစ၍ တစ်ဆယ့်သုံး လေးနှစ်လောက်ရလာခဲ့သော အကျင့်ကို ဗြုန်းစားကြီးဖျောက်ရန် ခက်လှသည်။ယခုလည်း ဆရာဝင်လာခိုက် တချို့တစ်ဝက်က မတ်တတ်ထရပ်လိုက်သဖြင့် တစ်ခန်းလုံးရယ်သံများ ဆူညံသွားဖြစ်သည်။

ဝေါခနဲရယ်သံ၏အနက်ကို ဆရာကရိပ်မိသည်။ ဆရာကပါ ရောရယ်လိုက်သည်။ ရယ်သံများရပ်သွားမှ ဆရာက တည်ငြိမ်သောလေသံဖြင့် စကားစ၏။

“အေးကွာ၊ မင်းတို့ ဘာဖြစ်တယ်ဆိုတာ ဆရာ သဘောပေါက်ပါတယ်။ ဒီအဖြစ်မျိုးတွေက ဆန်းတော့မဆန်းပါဘူး။ နှစ်တိုင်းနှစ်တိုင်း နှစ်စမှာ တွေ့နေကျပါပဲ။ ရယ်တော့ ရယ်စရာပေါ့ကွာ၊ ငကြောင်ကြီးတွေဖြစ်သွားတာကိုး

ရယ်သံတချို့ ပေါ်လာသည်။

“အမှန်တော့ ဒါဟာ ရယ်စရာမဟုတ်ဘူး တပည့်တို့၊ ဆရာပြောမယ်၊ မင်းတို့ သေသေချာချာ သဘောပေါက်အောင် စဉ်းစားကြည့်။ ဒီကိစ္စလေးဟာ တကယ်တော့ လွမ်းစရာလေးတွေကွ

ဆရာ၏ အောင်မြင်သော အသံအောက်တွင် ကျောင်းသား ကျောင်းသူများ ငြိမ်သွားသည်။ မျက်နှာချိုချိုဖြင့် သဘောကောင်းဟန်ရှိသော ဆရာက စကားဆက်၏။

“ဆရာဆိုရင် ဒီလိုမျိုး မင်္ဂလာပါဆိုဖို့ ထရပ်တဲ့ ကျောင်းသားသစ်တွေရဲ့ အဖြစ်ကိုမြင်တိုင်း ရင်ထဲမှာ လှပ်ခနဲ တုန်ခါသွားတယ်

ကျောင်းဆရာလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်သော ဆရာ၏ စကားလုံးနှင့် လေသံများက တဖြည်းဖြည်း ဆွေးရိပ်လွှမ်းလာသည်။

“လွမ်းစရာတစ်ခုက ဪ. . . ငယ်ငယ်က တမွန်တမြတ်ထိန်းသိမ်းခဲ့တဲ့ အလေ့ အကျင့်ကောင်းလေးတစ်ခုဟာ ပျက်သွားတော့မှာပါလား ဆိုတဲ့အသိ၊ နောက်လွမ်းစရာတစ်ခုက တို့များဟာ ဟိုးငယ်စဉ်ကတည်းက အတူနေလာခဲ့တဲ့ ငယ်ကျောင်း၊ ငယ်ဆရာ၊ ငယ်ဆရာမတွေ၊ ငယ်သူငယ်ချင်းတွေ၊ ငယ်စာတွေနဲ့ ဝေးခဲ့ပါပြီကောဆိုတဲ့အသိပဲ

ကျွန်တော့်ရင်ထဲတွင်လည်း ဆရာ ပြောသည့်နည်းတူ လှုပ်ခါလာသည်။

“ပြီးတော့ တို့ဟာ အင်မတန်ချစ်စရာကောင်းတဲ့ ငယ်ဘဝလေးတွေကို ထားခဲ့လိုက်ရပြီ။ ပျော်စရာငယ်ဘဝလေးတွေ ကုန်ဆုံးသွားပြီ။ ဒီဘဝလေးတွေကို ဘယ်တော့မှ ပြန်မရနိုင်တော့ပါလားလို့လည်း သတိပြုမိရော ကြောက်လန့်တကြားနဲ့ ချောက်ချောက်ချားချားလေး လွမ်းလာမိတယ်

အားလုံး၏မျက်နှာတွင် အရိပ်တစ်မျိုးကို တွေ့လိုက်ရ၏။

“အမှန်တော့ တက္ကသိုလ်ဆိုတာ လူကြီးဖြစ်ဖို့ အစပျိုးပေးလိုက်တဲ့နေရာပဲ

ဆရာ့စကားများ ရင်ထဲတွင် ပဲ့တင်ထပ်သွားသည်။

“ဒီတော့ လွမ်းစရာဆိုတာကတော့ လွမ်းတတ်ရင် ရှိနေတာပဲမို့ အလွမ်းရှုထောင့်ကချည်း ကြည့်ရင်လည်း ဘဝအမြင်ဟာ မမှန်နိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ တို့များ တက္ကသိုလ်ရောက်ဖို့ ကြိုးစားလာခဲ့ရတာလေးတွေလည်း ပြန်တွေးကြည့်ပေါ့။ ဘယ်သူများ တက္ကသိုလ်ကို လွယ်လွယ်လေးနဲ့ ရောက်လာခဲ့လို့လဲ

ဆရာ့စကားကြောင့် ရင်ထဲတွင် နင့်ခနဲခံစားလိုက်ရသည်။

“တချို့က ဘဝအခြေအနေကောင်းလို့ စာကြိုးစားရုံသက်သက် ရောက်လာခဲ့ရတယ်။ ဒါလည်း လွယ်လွယ်လေးလို့ ပြောလို့မရဘူး။ တချို့ကျတော့ စာကြိုးစားရုံတင် မဟုတ်ဘူး၊ ဘဝရဲ့ မြားမြောင် လှတဲ့ အဆီးအတားတော်တော်များများ ကို ဖြတ်သန်းပြီးမှ တက္ကသိုလ်ရောက်လာခဲ့ရတာ

ဆရာ၏ စကားမြားဦးသည် တခြားလူများဆီကိုတော့မသိ။ ကျွန်တော့်ရင်ထဲ ဆီသို့ကား တန်းတန်းမတ်မတ်နှင့် နက်နက်ရှိုင်းရှိုင်း လာရောက်ထိမှန်သည်။ ပျံထွက်သွားသော အတွေးစတွင် အမေ့မျက်နှာက ဦးစွာထင်လာ၏။

“သားကိုတော့ တက္ကသိုလ်ပို့ဖြစ်အောင် ပို့ရမယ်သား

ထိုစကားကို ဆိုစဉ်က အမေ့မျက်လုံး အိမ်တွင် မျက်ရည်စများ ဝဲနေခဲ့၏။

“အမေ့ဘဝမှာ နောက်ဆုံးမျှော်လင့် အားထားတာဆိုလို့ ဒါပဲရှိတော့တယ်

မျက်ရည်များကြားမှ ပြုံးလိုက်သော အမေ့အပြုံးသည် ကျွန်တော့်ရင်ကို ထိခိုက်စေ၏။

လူ့ဘဝတွင် ဘယ်သောအခါမှ ပြန်၍တွေ့ဆုံရတော့မည်မဟုတ်သော အဖေ့မျက်နှာကို ဖျတ်ခနဲမြင်ယောင်သည်။ အမေသည် အဖေဖြစ်သွား၍ အဖေပျောက်သွားသောအခါ အမေ့ကို ပြန်မြင်သည်။

“ခုဆို သား ဆယ်တန်းအောင်ပြီ။ သတင်းစာတွေထဲကလို ဂုဏ်ထူး လေး၊ ငါး၊ ခြောက်ခု မပါဘူးပဲထား၊ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး မဖြစ်ဘူးပဲထား။ တို့ရွာလေးမှာဆို သားအနေနဲ့ ဂုဏ်ယူထိုက်တဲ့ ကျောင်းသားတစ်ယောက်တော့ ဖြစ်နေပါပြီ

အမေ့စကားအဆုံးတွင် စာမေးပွဲ အောင်စာရင်းထွက်စဉ်က ကျွန်တော့်အမည်ဘေးတွင် ယှဉ်တွဲပါလာသော “မာဆိုသည့် စာလုံးလေးကို ပြေးမြင်လိုက်မိသည်။

ကျွန်တော်တို့ရွာကလေး အတိုင်းအတာနှင့်သာ ကြည့်မည်ဆိုပါက သုံး၊ လေး၊ ငါးယောက်သာ အောင်စာရင်းတွင် အမည်ချိတ်နိုင်၏။ ထိုအထဲတွင် ဆယ်တန်းကို နှစ်ချင်းပေါက် ဂုဏ်ထူး တစ်ဘာသာ၊ မြန်မာစာနှင့် အောင်သည်ဆိုသော အဆင့်မှာ သိပ်အသေးလေး မဟုတ်။

သို့သော် ဒါကြောင့်ချည်း မဟုတ်။

ဆယ်တန်းအောင်လျှင် နှစ်ချင်းပေါက် ဖြစ်စေ၊ မပေါက်သည်ဖြစ်စေ၊ ဂုဏ်ထူး ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ “က စာရင်းသာဆိုပါက တက္ကသိုလ်တက်ရဖို့ သေချာနိုင်သည်ပင်။ အမေက သည်လိုပြောတော့ ကျွန်တော်ဝမ်းသာရသည်။

ကျွန်တော့်မှာ ဆယ်တန်းအောင်မှ မဟုတ်၊ ကျောင်းနေလာ၍ စာကိုသွက်လက်စွာ ဖတ်နိုင်ချိန်၊ အထူးသဖြင့် ဝတ္ထုစာအုပ်များ စဖတ်ကတည်းက တက္ကသိုလ်ရူး ရူးခဲ့သည်။

ဆရာသိန်းဖေမြင့်၊ ဆရာဇ၀နတို့ခေတ်က ကောလိပ်ကျောင်းသားများအကြောင်း ဖတ်ရသည့် အခါတွင်လည်း သူ့အရသာနှင့်သူ အားကျမိခဲ့သည်။ ဆရာအောင်လင်းတို့၊ ဆရာဘုန်းနိုင်တို့ ခေတ် တက္ကသိုလ်အကြောင်း ဖတ်ရပြန် တော့လည်း သူ့အရှိန်နှင့်သူ ပျော်စရာ ကောင်းသည်များကိုတွေ့၍ အရူးဒီဂရီ တက်ခဲ့သည်။ဒီဘက်ခေတ် တက္ကသိုလ်ဝတ္ထုများ ဖတ်ရပြန်တော့ ကိုယ့်ခေတ်နှင့် ကိုယ်ဟပ်ပြီး နေမြင့်သလို အရူးလည်းရင့်ခဲ့သည်။

စင်စစ် တက္ကသိုလ်ဆိုသည်မှာ ဘယ်အချိန်မဆို လှပနေ၍ ဘယ်အခါမဆို ပျော်ရွှင်ကြည်နူးစရာ ကောင်းလှသည်ဟု ကျွန်တော် တွေးမိခဲ့သည်။ သို့သော် တကယ်ဆယ်တန်းအောင် သောအခါ ကျွန်တော့်မှာ ရူးသလောက် မပျော်နိုင်တော့။ အောင်စာရင်း ထွက်သည့်နေ့ကဆို ကျွန်တော် မျက်ရည်ကျိတ်ကျခဲ့ရသည်။

“ဟ . . . ဘာလဲကွ ထွန်းဝေရ၊ သူ များတွေပြောသလို ဝမ်းသာလွန်းလို့ကျတဲ့မျက်ရည်လား

အောင်စာရင်းကြည့်အပြီး နှစ်ယောက်သား ဝမ်းသာအားရနှင့် ရွှေရင်မျှော်တောင်ပေါ် တက်လာကြသည်။ ဘုရားပေါ်ရောက်၍ ဦးချပြီးသောအခါ ဗုဒ္ဓရှင်တော်မြတ်၏ မျက်နှာတော်ကို အသေအချာဖူးရင်း ကျွန်တော် မျက်ရည်ကျသောအခါ ကျော်ညွန့်က နားမလည်အံ့သြစွာ မေးလိုက်သည်။

ကျလာသောမျက်ရည်ကို စင်အောင်သုတ်ပြီး ကျွန်တော် သူ့ကို ခေါင်းခါပြသည်။ သူ ပို၍နားမလည်သွားဟန်တူ၏။

 “ဒါဖြင့် ဘာဖြစ်လို့လဲ ထွန်းဝေ

 ထိန်းမရသဖြင့် မျက်ရည်တစ်ပေါက်ကျမိသော်လည်း ယောက်ျားတစ်ယောက်ဟူသော ကန့်သတ်ချက်ဖြင့် ကျွန်တော်ထပ်ပြီး မျက်ရည်မကျတော့။ သို့သော်ရင်ထဲမှဝေဒနာကိုမူ အချစ်ဆုံးသူငယ်ချင်း အား ဖွင့်ပြောလိုက်ချင်လာသည်။

“ငါ ဝမ်းနည်းသွားတယ် ကျော်ညွန့်၊ ငါ့ဘဝကို ငါတွေးမိလို့ဆိုပါတော့

“မင်းဘဝက ဘာဖြစ်နေလို့လဲ

ကျော်ညွန့်ရင်ထဲတွင် ရှုပ်ထွေးသွား ဟန်တူသည်။ သူ့လေသံကဆတ်နေ၏။

“ငါ တက္ကသိုလ် ဆက်တက်ချင်မှ တက်ရမယ် ကျော်ညွန့်

“ဘာကွ . . . ဘာဖြစ်လို့လဲ

ဖြစ်တယ် ကျော်ညွန့်၊ မင်းသိတဲ့အတိုင်း ငါ့အိမ်အခြေအနေက ကောင်းတာမဟုတ်ဘူး အဖေမရှိဘူးကွာ၊ အမေ မုဆိုးမနဲ့နေရတယ်။ အမေ့ ကုန်ခြောက် ဆိုင်လေးဆိုတာလည်း ဒီလောက် ဝင်ငွေကောင်းလှတာ မဟုတ်ဘူး

ဆက်လက်ဖော်ပြပါမည်။