တစ်ခုလပ် ရုပ်ရှင်ဇာတ်ကား နိုဝင်ဘာ ၂ ရက်မှ စတင်၍ နိုင်ငံတစ်ဝန်းလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်

ရန်ကုန် ၂၅  အောက်တိုဘာ 

 

SG-9 ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာညွန့်မြန်မာ ညီညီအောင် ရိုက်ကူးသည့် ''တစ်ခုလပ်'' ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြို မိတ်ဆက်ပွဲကို အောက်တိုဘာ ၂၃ ရက် ည ၇ နာရီက ရန်ကုန်မြို့Junction City ရှိJCGV ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး နိုဝင်ဘာ ၂ ရက်မှစတင်၍ မြန်မာတစ်နိုင်ငံ လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည် ဖြစ်သည်။

 

ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင် က ''လူမှုအသိုင်းအဝိုင်းမှာ တစ်ခုလပ်တွေကို အထင်မသေးစေချင်ဘူး။ အဲဒါတွေကို ပေါ်လွင်စေချင်တဲ့အတွက် ရိုက်ကူးခဲ့တာပါ။ အကြောင်းအမျိုးမျိုးကြောင့် တစ်ခုလပ် ဖြစ်သွားရတဲ့ အမျိုးသမီးတွေကို တချို့ယောကျာ်းတွေက လွယ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ စမ်းချင်ကြပါတယ်။ ဒီဇာတ်ကားထဲမှာ တစ်ခုလပ်ပေမယ့် အဲဒီလိုမျိုးမဟုတ်ဘူး၊ မလွယ်ဘူး၊ အစမ်းမခံဘူးဆိုတာကို ပြောချင်တာပါ။ ဒီကားကို လာရောက်ကြည့်ရှုပြီးရင် တစ်ခုလပ်ဖြစ်သွားတဲ့ လူတွေအပေါ်မှာ နှိမ့်ချမှုမရှိဘဲနဲ့ လက်ကမ်းကြိုကြဖို့ ပြောချင် ပါတယ်။ ဒီကားလေးမှာ တစ်ခုထက်မက လပ်နေတဲ့ မိဘမဲ့ ကလေးတွေအကြောင်းလည်း ထည့်ပြောထား ပါတယ်''ဟု ပြောသည်။

 

အဆိုပါဇာတ်ကားတွင် တိုင်ရွန်၊ အောင်လေး၊ လင်းအောင်ခေတ်၊ မျိုးသန္တာထွန်း၊ ခင်ဇာခြည်ကျော်၊ လင်းဇာနည်ဇော်၊ သဉ္ဇာမြင့်မိုရ်၊ ချမ်းမေမြတ်နိုးနှင့် အနုပညာရှင်များ စွာပါဝင်ထားပြီး အကြောင်း အမျိုးမျိုးကြောင့် တစ်ခုလပ်ဖြစ်ခဲ့ရသည့် အမျိုးသမီးတို့၏ ဘဝကို စာနာနားလည်တတ်စေရန် ရည်ရွယ်ကာ အသိပညာပေးသည့် အနေဖြင့် ရိုက်ကူးထားသော အိမ်ထောင်ရေးဇာတ်ကားဖြစ်သည်။

 

 

သရုပ်ဆောင် လင်းအောင်ခေတ်က ''ရိုးရိုးသားသား လူငယ်တစ်ယောက်ပုံစံ အနေနဲ့ ပါဝင်သရုပ်ဆောင် ထားပါတယ်။ ကျွန်တော့်အမေနေရာက ပါဝင်ထားတဲ့ အန်တီခင်ဇာခြည်ကျော်က ငိုတဲ့အခန်းမှာ ဆိုရင် တအားခံစားမှုတွေပါတော့ ကျွန်တော်လည်း ကိုယ်ပြောရမယ့် စကားတွေတောင် မေ့သွားလို့ အကြိမ်ကြိမ် ပြန်ရိုက်ခဲ့ရပါတယ်။

 

သရုပ်ဆောင် မျိုးသန္တာထွန်းက ''တစ်ခုလပ်တွေကို ကိုယ်ချင်းမစာတတ်တဲ့ ကုမ္ပဏီပိုင်ရှင် တစ်ဦးအနေနဲ့ ပါဝင်ထားတယ်။ ကိုယ့်သမီးလေးကိုယ်တိုင် ခံစားရတော့မှ တစ်ခုလပ်တွေရဲ့ဘဝကို စာနာနားလည်သွားတဲ့ အမျိုးသမီး တစ်ယောက်နေရာက သရုပ်ဆောင်ထားတာပါ။ အမှတ်တရအနေနဲ့ လင်းလင်းရယ်၊ အစ်မရယ်၊ ဇာလေးရယ် သူငယ်ချင်းသုံးယောက် အတူတူတွဲပြီး ရိုက်ရတဲ့ ပထမဆုံး ဇာတ်ကားလေးပါ။ မိခင် တစ်ယောက်အနေနဲ့ သမီးကို ဆိုဆုံးမလို့ မရတဲ့ ဇာတ်ဝင်ခန်းကို အကြိုက်ဆုံးပါ။ အကြောင်းအမျိုးမျိုးကြောင့် တစ်ယောက်တည်း ရပ်တည်နေရတဲ့ အမျိုးသမီးတွေကို စာနာနားလည်တဲ့စိတ်၊ မေတ္တာတရားအပြည့်နဲ့ ဖေးမတဲ့ စိတ်လေးတွေရှိစေဖို့အတွက် ရည်ရွယ်ပြီး ရိုက်ထားတာပါ''ဟု ပြောသည်။

 

သရုပ်ဆောင် ချမ်းမေမြတ်နိုးက ''မမျိုးသန္တာထွန်းရဲ့ သမီးနေရာက ပါဝင်ထား ပါတယ်။ ခပ်ဆိုးဆိုး၊ ခပ်ဟော့ဟော့ ပုံစံမျိုး လေးပါ။ ကိုယ်မလုပ်ဖူးတဲ့ ဇာတ်ကောင်စရိုက် ဆိုတော့ ပိုပြီးတာဝန်ကြီးပါတယ်။ ဒီကားထဲမှာ ကိုယ်ဝန်ရနေတဲ့ကိစ္စတောင် ပေါ့ပေါ့လေးပဲ ကိုယ့်အမေကို ပြန်ပြောနိုင်တဲ့ အနေအထား မျိုးအထိ ပေါ့ပျက်ပျက် ကောင်မလေးနေရာက သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားလေး က အပြင်မှာ လက်ရှိ တစ်ခုလပ်ဖြစ်နေတဲ့ အမျိုးသမီးတွေကို ခွန်အားပေးချင်တဲ့အနေနဲ့ ရိုက်ထားတာပါ''ဟု ပြောသည်။

 

အကြောင်းအမျိုးမျိုးကြောင့် တစ်ခုလပ် ဖြစ်ခဲ့ရသည့် အမျိုးသမီးတို့၏ ဘဝအကြောင်း များနှင့် သားသမီး တို့အပေါ် ထိန်းကျောင်းမှု ပုံရိပ်များ၊ လူမှုပတ်ဝန်းကျင်တွင် ရင်ဆိုင်ကြုံတွေ့ ရလေ့ရှိသော အခက်အခဲများနှင့် ဘဝပုံရိပ်များကို ကိုယ်ချင်းစာ နားလည်တတ်စေရန် ရိုက်ကူးထားသည့် ဇာတ်ကားကောင်းတစ်ကား ဖြစ်သည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်