ကယ်လီဖိုးနီးယား ၄ မတ်

 

ကမ္ဘာအနှံ့ရှိ တွစ်တာမှ ဝန်ထမ်းများသည် မတ်၂ ရက်မှ စတင်ကာ နေအိမ်မှနေ၍ အလုပ်လုပ်ကိုင်ရမည် ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ရပ်တန့်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ယင်းသို့လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

လွန်ခဲ့သည့်နှစ် နှောင်းပိုင်းမှစတင်ကာ တရုတ်နိုင်ငံမှ စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်သည် ယခုအခါ ကမ္ဘာအနှံ့ပျံ့နှံ့နေပြီး လူပေါင်း ၃၁၀၀ ကျော် သေဆုံးခဲ့ရသည်။ လူပေါင်း ၉၀၀၀ဝ မှာ ရောဂါကူးစက်ခံထားရသည်။

 

ထို့ကြောင့် ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု မြင့်နေသည့်နိုင်ငံများမှ အစိုးရများက အလားတူတောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်သည့် တွစ်တာကုမ္ပဏီအနေဖြင့် ယခုလို ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။

 

တစ်ကမ္ဘာလုံးရှိ တွစ်တာဝန်ထမ်းများအားလုံးကို နေအိမ်မှသာ အလုပ်လုပ်ရန် တိုက်တွန်းကြောင်း တွစ်တာ လူ့စွမ်းအားအရင်းအမြစ် အကြီးအကဲ ဂျနီဖာ ခရစ်စတိုင်းက မတ် ၂ ရက်တွင်ပြောကြားခဲ့သည်။ ကျွန်တော်တို့အားလုံး၏ ရည်ရွယ်ချက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း လျော့ကျသွား ရန်ပင်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

တောင်ကိုရီးယား၊ ဂျပန်နှင့် ဟောင်ကောင်ရုံးခွဲတို့ရှိ ဝန်ထမ်းများသည် နေအိမ်မှာသာ မဖြစ်မနေ အလုပ်လုပ်ကိုင်ရမည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၅၀၀၀ အထိရှိလာပြီး တရုတ်နိုင်ငံပြင်ပတွင် ကူးစက်မှုအမြင့်ဆုံးလည်း ဖြစ်သည်။ သေဆုံးသူ ဦးရေမှာ ၂၈ ဦးအထိ ရှိလာပြီဖြစ်သည်။ ကူးစက်ခံရမှု ထက်ဝက်ခန့်မှာ ရှင်ချွန်ဂျီဘုရားကျောင်းနှင့် ဆက်စပ်နေသည်။ ဂျပန်နိုင်ငံတွင်လည်း ကျောင်းများအားလုံးနီးပါးကို ပိတ်ထားသည်။ ဟောင်ကောင်ရှိ ပြည်သူ့ဝန်ထမ်းများသည်လည်း တစ်လတာ အလုပ်မှနားပြီး နောက် မတ် ၂ ရက်မှစတင်ကာ ရုံးပြန်တက်နေကြပြီဖြစ်သည်။

 

အေအက်ဖ်ပီ