ဆစ်ဒနီ ၂၂ ဖေဖော်ဝါရီ

 

ဩစတြေးလျဝန်ကြီးချုပ် စကောက်မော်ရစ်ဆင်က ၎င်း၏ အစိုးရအဖွဲ့သည် ဩစတြေးလျတွင် တောမီးလောင်သည့် ကိစ္စအတွက် အမျိုးသား စုံစမ်းရေးကော်မရှင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ။

 

အဆိုပါကြေညာချက်ကို ဖေဖော်ဝါရီ ၂၀ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဩစတြေးလျနိုင်ငံ လုံခြုံစိတ်ချမှု ရရှိစေရေးအတွက် လက်တွေ့ကျသည့် လုပ်ငန်းများဆောင်ရွက်သွားနိုင်ရန် အမျိုးသားအဆင့် စုံစမ်းစစ်ဆေးမှုကို ပြုလုပ်သွားမည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

အရေးပေါ်အခြေအနေဆိုင်ရာ အာဏာပိုင်များကို သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အကဲဖြတ်မှုများလည်း လုပ်ဆောင်သွားမည်ဖြစ်သည်။ ဩစတြေးလျ အစိုးရသည် လတ်တလောတွင် တိုင်းပြည်အဆင့် အရေးပေါ်အခြေအနေ ကြေညာရန်နှင့် ထောက်ပံ့မှုများ ပြုလုပ်ရန် အာဏာမရှိသေးပေ။

 

ပြည်နယ်နှင့် ဒေသန္တရအစိုးရများသည် ပြည်ထောင်စု အစိုးရထံမှ အကူအညီများ တောင်းခံရသည်။ ဝန်ကြီးချုပ် စကောက်မောရစ်ဆင်သည် ဩစတြေးလျတောမီး ကိုင်တွယ်ဖြေရှင်းမှုနှင့်ပတ်သက်ပြီး ဝေဖန်မှုများနှင့် ရင်ဆိုင်နေ ရသည်။

 

ထို့ပြင်တောမီး ပြင်းထန်စွာလောင်နေချိန်တွင် ၎င်းသည် ဟာဝိုင်ယီတွင် အပန်းဖြေခရီး ရောက်ရှိနေသည့်အတွက် ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရသည်။ ဩစတြေးလျနိုင်ငံ၏ အဆိုးရွားဆုံးသော တောမီးကြောင့် လူပေါင်း  ၃၃ ဦး သေဆုံးခဲ့ရပြီး နေအိမ်ပေါင်း ၃၀၀၀ မှာပျက်စီးသွားခဲ့ရသည်။ ပျက်စီးမှုအရေအတွက်မှာ ဆက်လက် မြင့်တက်သွားဖွယ်ရှိသည်။

 

အင်န်အိတ်ချ်ကေ